NOR'WESTERS
မတ်လမှ မေလအထိ အန္တရယ်ပေးတတ်တဲ့ "ရာဟုလေ" ဆရာကြီးဒေါ်ကတာဦးထွန်းလွင်၏ဆောင်းပါး
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
မတ်လမှ မေလအထိ အန္တရယ်ပေးတတ်တဲ့ "ရာဟုလေ" ဆရာကြီးဒေါ်ကတာဦးထွန်းလွင်၏ဆောင်းပါး
၆-၃-၂၀၁၉
နံနက် (၆း၄၇)နာရီ။
မူရင်း link https://tinyurl.com/2dd3a37n
အနောက်မြောက်ရာဟုထောင့်လေများ
မောင်ထွန်းလွင်(မိုးလေဝသ)
Nor’westers (Kalbaishkhi) ဆိုသည်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တွင် ဒေသတွင်းဖြစ်ပေါ် နေတဲ့ မိုးရွာသွန်းစေတတ်ပြီး မိုးခြိမ်းစေတတ်သည့် မုန်တိုင်းတမျှပြင်းထန်သော မိုးတိမ်တောင်များကို ခေါ်ခြင်း ဖြစ်ပါတယ်။ Nor’westers များဟာနှစ်စဉ်မတ်လမှစတင်ကာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာသည့်ကာလအထိ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွင် မကြာခဏ ဖြစ်ပေါ် တတ်သည့် ဆိုးဝါးတဲ့ရာသီဥတုဖြစ်စဉ်ဖြစ်ပါတယ်။ အနောက်မြောက်ဖက်အရပ်မှဝင်လာတတ်တဲ့ ဒီတိမ်တွေကြောင့် လေပြင်းတိုက်ခတ်တတ်မှု ကိုအကြောင်းပြုပြီး၊ မြန်မာနိုင်ငံမှာတော့ “မိုးစနေ၊ လေရာဟု”လို့ ခေါ်ဆိုလေ့ရှိပါတယ်။ Nor’westers များဟာ ခရီးမိုင်ပေါင်းများစွာကို လျင်မြန်စွာ ရွေ့လျှားနိုင်ကြပြီး သွားရာလမ်းကြောင်းတလျှောက်တွင်လေပြင်းများ တိုက်ခတ်စေလျက် အပျက်အစီးအဆုံးအရှုံး ကြီးမားစွာဖြစ်ပေါ်စေတတ်တဲ့ မုန်တိုင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
Nor’westers များတိုက်ခတ်သောကာလတွေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များ ကို ပြင်းထန်သော မိုးတိမ်တောင်များကြောင့် ထိခိုက်မှုကိုဖြစ်စေတတ်လေ့ရှိပါတယ်။ များသော အားဖြင့် ဧပြီလ နဲ့ မေလ တို့တွင် Nor’westers များကြောင့် အိန္ဒိယနိုင်ငံတွင် အပျက်အစီးနှင့် အသေအပျောက်များတတ်ကြပါတယ်။ အများအားဖြင့် လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးသီးကြွေခြင်း တို့ ဖြစ်စေတတ်ပါတယ်။ တစ်ခါတစ်ရန် လေဆင်နှာမောင်းများလည်း အတူတွဲဖြစ်တတ်ပါတယ်။ အဆိုပါ Norwesters မိုးလေဝသဖြစ်စဉ်များအတွင်းသို့ လေယာဉ်ဖြတ်သန်းမောင်းနှင်ပါက အလွန်အန္တရာယ်ကြီးတတ်ပါတယ်။ ဝေ့ပတ်မောင်းနှင်ခြင်း၊ ဖြတ်သန်း မောင်းနှင်ခြင်း တို့ဟာ အလွန်အန္တရာယ်ကြီးမားတတ်တဲ့အတွက် လေယာဉ်မောင်းနှင်သူများဟာ Norwesters များကို ရှောင်ရှားသွားလေ့ရှိကြပါတယ်။
Nor’westers ကြောင့် အကျိုးဖြစ်ထွန်းသူများလည်းရှိနေပါတယ်။
သို့ရာတွင် Norwesters များကြောင့် ရွာသွန်းသော မိုးများဟာ အာသံပြည်နယ်ရှိ လဖက်စိုက်ပျိုး ရေး လုပ်ငန်းများကိုလည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ တွင် စိုက်ပျိုးသော ဂုံလျှော်၊ စပါး နဲ့ လဖက် စိုက်ပျိုးပင်များအတွက် များစွာအကျိုးဖြစ်ထွန်းလေ့ရှိ ပါ တယ်။ norwesters များဟာ များသောအားဖြင့် အနောက်ဖက်မှ အရှေ့ဖက်သို့ ဦးတည်ရွေ့လျှား လေ့ရှိပါတယ်။
၂၀၁၅ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော Nor'westers ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သစ်ပင်များရာနှင့်ချီ၍အမြစ်ကျွတ်လဲပြိုကျခြင်း၊ ဝါးနှင့် ရွှံ့အဆောက်အဦပေါင်းများစွာ ပြားပြား၀ပ် ပြိုကျပျက်စီးကုန်ခြင်း နှင့်အတူ လူ(၂၄)ဦးလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ သွားလာရေးလမ်းများ၊ ရထားလမ်းများ ပိတ်ဆို့ခဲ့ရပါတယ်။
Nor’wester ဆိုသည်မှာ လေပုန်း(Gust)တမျိုးဖြစ်ပြီး လေတိုက်နှုန်း 11 m/s (25 mph) မှ 42 m/s (94 mph) နှုန်း ခန့်အထိ ပြင်းထန်တတ်ပါတယ်။ ဒေသခံအများစုကတော့ လေဆင်နှာမောင်း(Tornado) လို့လည်း သတ်မှတ်လေ့ရှိကြပါတယ်။ ယေဘုယျအများစု ကတော့ အားကောင်းတဲ့ လေထုအောက်အလွှာတွင် အပူရှိန်ကြောင့်ဖြစ်ပေါ်သောမုန်တိုင်းများ (Severe Low Convective Storms - SLCS) လို့ ခေါ်ဝေါ်ကြပါတယ်။ ထိခိုက်မှုအများဆုံးကြုံတွေ့ရတတ်တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။
အနောက်မြောက်ရာဟုထောင့်လေများဟာ အများအားဖြင့် ရာသီအလိုက်တိုက်ခတ်တတ်တဲ့ လေများ ဖြစ်ကြပြီး၊ အထူးသဖြင့် မိုးကြိုကာလဖြစ်တဲ့ မတ်လမှ မေလ အထိ ဖြစ်တတ်လေ့ ရှိပါတယ်။ ဧပြီလတွင်အများဆုံးဖြစ်ပေါ်တတ်ပြီး၊ အထူးသဖြင့် မွန်းလွဲညနေပိုင်းတွေမှာ ဖြစ်တတ်ကြပါတယ်။ မကြာခဏကြုံတွေ့ရလေ့ မရှိသော်လည်း၊ အနောက်မြောက်ရာဟုထောင့် လေများကို မည်သည့်ရာသီ မည်သည့်အချိန်တွင်မဆို ရာသီမရွေးတွေ့ရသည်များလည်း ရှိတတ်ကြပါတယ်။ အနောက်မြောက်ရာဟုထောင့်လေများဟာ တစ်နှစ်လျင် ပျမ်းမျှအားဖြင့် ၁၄၅ ကြိမ်ခန့်ဖြစ်ပေါ်တတ်လေ့ရှိကြပါတယ်။ အနောက်မြောက်ရာဟုလေများ အများဆုံးကျရောက် တတ်သောဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာခရိုင်ဖြစ်ပါတယ်။ မိုးကြိုကာလတွင် မြောက်ဖက်အရပ်သို့ ဦးတည်ရွေ့လျှားတတ်ပါတယ်။
SLCS များ ဖြစ်ပေါ်ရခြင်းအဓိကအချက်မှာ ဒေသတွင်း တွင် လေထုအပူချိန်မတည်ငြိမ်မှု များကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် လေထုအပူချိန်ကြောင့် ရနိုင်တဲ့အတည်စွမ်းအင် (Convective available potential energy-CAPE) များပြီး( greater than 2000 Unit ) လေထုရွဲ့စောင်းမှု(Shear) တန်ဖိုး အတော်အသင့်ရှိ(greater than 10 Unit)အခြေအနေမျိုးတွင် ဖြစ်ပေါ်တတ်လေ့ရှိပါသည်။ အများအားဖြင့်လည်း ဒေသတွင်း အိန္ဒိယတိုက်မြေတွင် အားကောင်းသောမုန်တိုင်းများဖြစ်ပေါ်လေ့ရှိသောအချိန်အခါနှင့်လည်း တိုက်ဆိုင်နေပါတယ်။
Nor'westers တစ်ခုဖြစ်ပေါ်လာရပုံကို လေ့လာခဲ့ရာ အောက်ပါမိုးလေဝသဖြစ်ရပ်များ ပါဝင်နေတာကို တွေ့ရပါတယ်။
(၁) ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါသောလေများ အိန္ဒိယအရှေ့မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်လာခြင်း။ များသောအားဖြင့် အထက်အမြင့် ၅၀၀ မီတာ တွင်တိုက်ခတ်နေသောအနောက်တောင်လေများ အားကောင်းလာစဉ်ဖြစ်တတ်ပါတယ်။
(၂) အထက်အမြင့် မီတာ ၂၀၀၀ တွင် တိုက်ခတ်နေသော အနောက်လေများကြောင့် အပူချိန်များတိုးလာခြင်း၊
(၃) အထက်အမြင့် မီတာ ၅၀၀၀ တွင် အနောက်မြောက်ဖက်မှ ရွေ့လျှားလာသော လေဖိအားနည်းချုင့်ဝှမ်းကြောင့် လေအေးများတိုးဝင်လာ ခြင်း
စသည့်ဖြစ်စဉ်များကြုံကြိုက်သည့်အခါ Norwesters များဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ အဆိုပါဖြစ်ရပ်(၃)ခုတပြိုင်နက်ကြုံနိုင်သောကာလမှာလည်း နွေကာလ(မတ်လမှဧပြီလလယ်) နဲ့ မိုးကြိုကာလ(ဧပြီလလယ်မှ မေလကုန်)တို့ဖြစ်ကြပါတယ်။
Nor'westers ရာသီ စနေပါပြီ။
အမှန်တကယ်တော့ Norwester ရာသီဟာ ယေဘုယျအားဖြင့် မတ်လမှ မေလအထိရှိတတ်ပြီး၊ ဧပြီလဟာ Norwester အများဆုံးဖြစ်ပေါ်တဲ့လ ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာ တော့ Norwester တွေဟာ ဖေဖေါ်ဝါရီလ နောက်ဆုံးရက်တစ်ပတ်အတွင်း ကတည်းက စတင် ဖြစ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ(၂၆)ရက် ညနေ(၃)နာရီခန့်က Norwester မိုးတိမ်တောင်တိမ်တိုက်တစ်ခုဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့များကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပါတယ်။ Norwester ကြောင့် ဖလမ်းမြို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းခဲ့ပြီး၊ အင်းတော်မြို့တွင် မိုးရွာခြင်းနှင့် အတူ လေပြင်းများတိုက်ခတ်ခဲ့ရုံမက မိုးသီးကြွေကျခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ပါ ဖြစ်ခဲ့တဲ့အတွက် အပျက်အစီးများအပြင် မိုးကြိုးထိမှန်သေဆုံးမှုလည်း ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်န ယ်၊ စစ်ကိုင်းတိုင်းတို့တွင် ဖေဖေါ်ဝါရီလ(၁၆)ရက်မှ(၂၆)ရက်အတွင်း လေပြင်းနှင့် မိုးကြိုးပစ်ခတ်မှု ကြောင့် လူ(၃)ဦးသေဆုံးပြီး အိမ်(၈၀၀)ကျော်ပျက်စီးခဲ့ရပါတယ်။ Norwesters များရဲ့ ရာသီကာလဟာ အခုမှ အစပဲရှီပါသေးတယ်။ လက်ရှိကာလမှ မေလအထိ ကြုံတွေ့ရနိုင်ပြီး၊ ဧပြီလမှာ အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ နှစ်စဉ်လိုရင်ဆိုင်နေရပါတယ်။
Norwesters များရဲ့ ထိခိုက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ်ကြုံတွေ့နေရပါတယ် ။ များသောအားဖြင့် မြစ်များဖြတ်ကူးတဲ့ ခရီးသည်တင် ကူးတို့လှေများ(Ferry boats) တိမ်းမှောက်တတ်ခြင်းပဲဖြစ်ပါတယ်။ ခရီးသည်ပေါင်း ရာချီပြီး မကြာခဏအသက်ဆုံးရှုံးရလေ့ရှိပါတယ်။ လေပြင်းအပြင် မိုးကြိုးပစ်ခြင်း၊ လျပ်တပြက်ရေကြီးခြင်းတို့ကြောင့်လည်း အသက်ဆုံးရှုံးမှုတွေ နှစ်စဉ် ရင်ဆိုင်နေကြရပါတယ်။
Norwesters များဟာ အားကောင်းတဲ့ မိုးတိမ်တောင်ကြီးများဖြစ်ကြပါတယ်။
သာမာန်အားဖြင့် မိုးတိမ်တောင်တစ်ခုရဲ့ အန္တရာယ်ဟာ ကြီးအားလှပါတယ်။ လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်တတ်ခြင်း၊ ရေဆင်နှာမောင်း တိုက်ခတ်ခြင်း နဲ့ ပင်လယ်မီးစုန်းတောက်ခြင်း တို့ဟာ မိုးတိမ်တောင်များက ပေးတတ်တဲ့ ရာသီဥတုများဖြစ်ကြပါတယ်။ Norwesters မှာ ပါရှိတဲ့ မိုးတိမ်တောင်တွေဟာ လေထု အထက်အောက်မတည်ငြိမ်မှုကြောင့်ဖြစ်ကြတဲ့ မိုးတိမ်တောင်များဖြစ်ကြတဲ့အတွက် အခြား မိုးတိမ်တောင်များထက် ပိုမိုမြင့်မားပြင်းတန်တတ်ပါတယ်။ လေယာဉ်ခရီးစဉ်များအတွက်လည်း အလွန်အန္တရာယ်ကြီးမားပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံလေအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည်တို့ကြောင့် မိုးတိမ်တောင်တွေ ပိုအဖြစ်များနေပါတယ်။ အဲဒါကြောင့် လေပြင်းတိုက်ခတ်မတွေ၊ နေရာကွက်မိုးသည်းထန်မှုတွေ၊ မိုးကြိုးပစ်မှုတွေ၊ မိုးသီးကြွေကျမှုတွေ နဲ့ လေဆင်နှာမောင်း ဖြစ်ပေါ်မှုတွေဟာ အကြိမ်အရေအတွက်အနေနဲ့ရော၊ အင်အားပြင်းထန်မှုအနေနဲ့ရော နှစ်စဉ်တိုးနေပါတယ်။ မိုးကြိုးပစ်ခံရလို့ အသက်ဆုံးရှုံး ရသူတွေဟာ နှစ်စဉ် တစ်ရာကျော်ရှိနေပါတယ်။ အများအားဖြင့် လာ်ယာလုပ်ငန်းခွင် ဟင်းလင်းပြင်မှာ အကာအကွယ်မဲ့ ရှိနေတတ်တဲ့ တောင်သူလယ်သမားကြီးများ နဲ့ လယ်သူမကြီးတွေဟာ အများဆုံး အသက်ဆုံးရှုံးနေရပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့မြောက်ပိုင်းတို့မှာ အပူချိန်မြင့်တက်မှုကြောင့် လေဖိအားနည်းရပ်ဝန်း တွေ (Heat Lows) ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနှစ် နွေရာသီနဲ့ မိုးကြိုရာသီ(မတ်လမှမေလအထိ) တွေမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ Norwesters မိုးတိမ်တောင်များရဲ့ အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ လိုအပ်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။