ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်
=====
၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(INVEST-91B)ရဲ့ ဆက်လက်ဖြစ်ပေါ်နိုင်ချေ၊ မြန်မာနိုင်ငံအပေါ်ဖြစ်နိုင်မဲ့ မိုးအခြေအနေ စတာတွေကို ကျနော်တို့က -
အမေရိကန်(NOAA)၊ ကနေဒါနဲ့ ဥရောပမိုးလေဝသခန့်မှန်းရေး model တွေ ဖြစ်တဲ့ ECMWF(ဆွစ်ဇာလန်)၊ ဗြိတိန်(UKMO)၊ ဂျာမနီနိုင်ငံရဲ့ ICON စတဲ့ သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်တွေက ကြိုတင်ခန့်မှန်းချက်တွေကို အခြေပြုရယူနေတာဖြစ်ပြီး၊ မတူညီတဲ့ မိုးအခြေအနေ၊ မတူညီတဲ့ လေဖိအားနည်းရပ်ဝန်းရွေ့လျားမှုလမ်းကြောင်း ဆိုတာတွေကိုတွေ့ရပါတယ်။ မော်ဒယ်တခုတည်းကိုလက်ကိုင်ထားပြီး ခန့်မှန်းနေလို့ မရတော့တဲ့ခေတ်ဖြစ်လာတာလဲ တွေ့ရပါတယ်။ ကြိုတင်ခန့်မှန်းချက်မတူညီမှုတွေကြောင့် ဘယ်မော်ဒယ်ကြီးတွေက အနီးစပ်ဆုံးကြိုတင်ခန့်မှန်းမှုတွေ ပေးနိုင်မယ်ဆိုတာ လေ့လာရကြရမဲ့ အခွင့်အရေးကောင်းလဲဖြစ်ပါတယ်။
မော်ဒယ်တွေအကြားပြိုင်ဆိုင်မှုအကြီးမားဆုံးက အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးတွေနဲ့ ဥရောပအခြေစိုက်ကုမ္ပဏီကြီးတွေပါဘဲ။ အမေရိကန်နဲ့ ဥရောပ အစိုးရမိုးလေဝသဌာနကြီးတွေကလဲ နည်းပညာနဲ့ မိုးလေဝသသတင်းအချက်အလက်ဆိုင်ရာ အဆင့်မြင့်လိုအပ်ချက်တွေကို ကုမ္ပဏီကြီးတွေရဲ့ စူပါကွန်ပျူတာရင်းနှီးမြှုပ်နှံမှုကတဆင့် ရယူနေကြတာပါဘဲ။ ဒီနေရာမှာ ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတုကြိုတင်ခန့်မှန်းရေး ကွန်ပျူတာမော်ဒယ်ကြီးများ ပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်များအကြောင်းလေ့လာပြီးသလောက်မှ ကောက်နှုတ်ကာအကျဉ်းချုံးပြီး ရေးပေးချင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ အဆင့်မြင့်နည်းပညာပြိုင်ဆိုင်မှုတွေကလဲ ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်တာကြောင့် ဒီနည်းပညာတွေကြားမှာ ကျနော်တို့က ယောင်ဝါးဝါးဖြစ်မနေကြဘို့ ဘာမော်ဒယ်တွေကဘယ်လိုဆိုတာ နားလည်လေ့လာနိုင်ကြအောင် ရေးပေးတာလဲ ဖြစ်ပါတယ်။
လွှတ်တင်ထားတဲ့ဂြိုလ်တုပုံရိပ်တွေ၊ မိုးလေဝသရေဒါတွေ၊ မြေပြင်/ရေပြင်မိုးလေဝသစခန်းတွေနဲ့ မိုးလေဝသခန့်မှန်းတိုင်းတာရေးပူဖေါင်းတွေကတဆင့် မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းတွေကို တိုင်းတာခြင်း၊ တွက်ချက်ခြင်းနဲ့ ကြိုတင်ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးခြင်းများကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက စီးပွားဖြစ်အပြိုင်အဆိုင်လုပ်နေကြတာ ကြာခဲ့ပါပြီ။ ခန့်မှန်းထုတ်ပြန်ချက်တွေအဆင့်မြင့်လာတာကတော့ ဆယ်စုနှစ်အနည်းငယ်သာ ရှိပါသေးတယ်။
မကြာသေးခင်ကာလအတွင်းမှာတော့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ECMWF က METEOBLUE နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရန် သဘောတူပူးပေါင်းပြီး စူပါကွန်ပျူတာကြီးများနဲ့ ကြိုတင်ခန့်မှန်းခြင်းတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ECMWF က ကမ္ဘာ့အကောင်းဆုံးနဲ့ တိကျမှုအရှိဆုံး သင်္ချာပုံစံပြုမော်ဒယ်ကုမ္ပဏီကြီးအဖြစ် ဆက်လက်ဦးဆောင်ရပ်တည်နိုင်ဘို့ METEOBLUE နဲ့ ပူးပေါင်းလိုက်တာလဲ ဖြစ်ပါတယ်။ (ECMWF runs the IFS(Integrated Forecasting System) in several configurations. The highest resolution "HRES" configuration is run every 6 hours (00Z and 12Z out to 10 days, 06Z/18Z out to 90 hours) with a horizontal resolution of 9 km using 137 layers in the vertical.
သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်လို့ သိကြတဲ့ Numerical Weather Forecasting Models တွေကို အဆင့်မြင့် စူပါကွန်ပျူတာကြီးများနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေကြကြောင်း ကမ္ဘာသိအောင် ချပြနေတဲ့နိုင်ငံကြီးတွေက အမေရိကန်၊ ကနေဒါ စ တဲ့ အမေရိကတိုက်ဘက်ကနိုင်ငံတွေရယ် ဗြိတိန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ အစရှိတဲ့ ဥရောပနိုင်ငံကြီးတွေရယ်ရှိကြပြီး တချို့ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်၊ ရုရှား၊ ဂျပန် စတဲ့ နိုင်ငံတွေကတော့ သူတို့ရဲ့ မိုးလေဝသတိုင်းတာရေးဆောင်ရွက်နေပုံ/ဆောင်ရွက်နေတဲ့ နည်းလမ်းစသည်ဖြင့် အသေးစိတ်ကို အပြည်ပြည်ဆိုင်ရာဘာသာစကား(အင်္ဂလိပ်ဘာသာ)နဲ့ ချပြတာ မရှိတာကြောင့် လူသိနည်းပါတယ်။
အခုဆယ်စုနှစ်များရဲ့နောက်ပိုင်းမှာတော့ ကွန်ပျူတာနည်းပညာတွေအဆင့်မြင့်လာပြီး၊ ဉာဏ်ရည်တုနည်းပညာတွေပါ မြင့်မားလာတာကြောင့် မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်တွေကို ဉာဏ်ရည်တုနည်းပညာသုံး ခန့်မှန်းချက်တွေ ထွက်ရှိလာပြီး ပိုမိုတိကျတဲ့ခန့်မှန်းချက်တွေက လူသားများအပေါ်ကျရောက်လာနိုင်မဲ့ သဘာဝဘေးတော်တော်များများကို ကြိုတင်အသိပေးနိုင်တာတွေ ရှိလာပါတယ်။
ကျနော်တို့က .. ကျနော်တို့ကတော့ သူတို့ဘက်က ခြေလှမ်းကြဲကြီးတွေနဲ့သွားသမျှ နောက်ကမှီသလောက်လိုက်ပြီး လေ့လာနေကြရဦးမှာပါဘဲ။
ကြီးမားတဲ့သဘာဝဘေးတွေအတွက် တိကျတဲ့ ကြိုတင်ခန့်မှန်းချက်တွေရရှိနိုင်အောင် အခုထက်ပိုပြီးနားလည်အောင်လေ့လာနေကြရမှာကြောင့် ..
မိုးရွာမယ်/မရွာဘူး၊ နေပူမယ်/နေမပူဘူး ဆိုတာတွေလောက်ကို နည်းပညာအထောက်အကူတွေနဲ့ အလိုအလျှောက်ကြည့်နိုင်အောင် လုပ်ပေးထားရပါမယ်။
လုပ်လဲ လုပ်ပေးထားပါတယ်။
https://www.mmweather.org/divisional-cities-weather
ကမ္ဘာကြီးပူနွေးလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများမှ တခုဖြစ်သော ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို တနှစ်ပြီးတနှစ်ဆိုးရွားစွာဖြစ်ပေါ်လာသည့် သဘာဝဘေးများက သက်သေပြလျှက်ရှိပါသည်။ ကမ္ဘာနှင့်အဝှမ်း သဘာဝဘေးဒဏ်များဖြစ်ပေါ်ခြင်းကို ချက်ချင်းရပ်တန့်ပစ်ရန်မှာ မစွမ်းသာကြသော်လည်း သဘာဝဘေးဒဏ်များကြောင့် သက်ရှိ လူ/တိရိစ္ဆာန်များအသက်ဆုံးရှုံးရခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကိုလျှော့ချနိုင်ရန် မိမိတို့ဒေသနှင့်မိမိတို့နိုင်ငံများအလိုက် သင်လျှော်သော စီမံမှုများချမှတ်ပြီး အနာဂတ်သဘာဝဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်ရန်ပြင်ဆင်နေကြသည်။
ဤသို့သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးနိုင်ချေများအတွက် ပြင်ဆင်ကြရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံမှ နိုင်ငံတွင်းနေထိုင်လျှက်ရှိကြသည့် နိုင်ငံသားတိုင်းက သဘာဝဘေးများဖြစ်ပေါ်နိုင်ချေကို မိမိတို့တတ်နိုင်သရွေ့ လေ့လာပြင်ဆင်နေကြမှ မိမိနိုင်ရာတာဝန်ယူဆောင်ရွက်လိုစိတ်ရှိကြမှသာ နောက်လာမည့် ဆယ်စုနှစ်များတွင်း ဖြစ်လာလတ္တံ့သောသဘာဝဘေးများကြောင့် ထိခိုက်ဆုံးရှုံးမှုများကိုလျှော့ချနိုင်ပေလိမ့်မည်။
သဘာဝဘေးအန္တရာယ်များကို သရုပ်ခွဲကြည့်ပါက ရေကြောင့်ဖြစ်ပေါ်ရသည့် သဘာဝဘေးသည်အဆိုးရွားဆုံး၊ အချိန်ကာလအတန်ကြာအောင် ဖြစ်ပေါ်နေနိုင်ကြောင်းနှင့် နောက်ဆက်တွဲဆိုးကျိုးမြောက်မြားစွာဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဦးစွာနားလည်သဘောပေါက်ကြရန် လိုပေလိမ့်မည်။ ရေကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားခဲ့ကြရသူများလည်း မနည်းတော့ပေ။
မုန်တိုင်းတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်းခံရသောကြောင့်ဖြစ်စေ၊ မုန်တိုင်းလမ်းကြောင်း၏ ညာဘက်ခြမ်းတွင်ကျရောက်ပြီး မိုးသည်းထန်ခြင်း၊ မိုးများခြင်းကြောင့်ဖြစ်စေ၊ မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်ခြင်း၊ မိုးသည်းထန်နိုင်ခြင်းတို့ကို သယ်ဆောင်လာသော လေပွေလှိုင်းများဖြတ်သန်းသည့်လမ်းကြောင်းပေါ်တွင်ရှိနေခြင်းကြောင့်ဖြစ်စေ၊ ရေနှင့်ပတ်သက်သောသဘာဝဘေးများဖြစ်သည့် မုန်တိုင်းဒီရေရိုက်ခတ်လွှမ်းမိုးခြင်း၊ မြစ်/ချောင်းများတွင်ရေတက်ပြီး မြစ်ကမ်းဘေးဒေသများတွင်ရေကြီး/ရေလွှမ်းခြင်း၊ တောင်ကျချောင်းရေရုတ်တရက်ကျဆင်းခြင်း၊ မြေပြို/တောင်ပြိုခြင်း စသည်တို့ကြောင့် သက်ရှိလူသားများအပါအဝင်သက်ရှိသတ္တဝါများအသက်ဆုံးရှုံးရခြင်းနှင့် နေအိမ်၊ လယ်မြေ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေသည်။
သဘာဝဘေးများဖြစ်လာနိုင်ချေကိုကြိုတင်ခန့်မှန်းပေးနိုင်မည့် မိုးလေဝသဆိုင်ရာ ထူးခြားသည့်အချက်အလက်များသည် အသက်ပေါင်းများစွာအတွက် အလွန်အရေးကြီးကြောင်း သိသာထင်ရှားပါသည်။ ထို့ကြောင့်လည်း မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းများ တိကျမှုရှိရေးသည်လည်း အသက်တမျှ အရေးပါလှပေသည်။
မိမိဒေသနှင့်သက်ဆိုင်သည့် ပင်လယ်တွင် မုန်တိုင်းဖြစ်လာမှ၊ တိုက်ရိုက်ဝင်တိုက်ခတ်ခြင်းကိုခံရမှမဟုတ်ပဲ မိုင်ပေါင်းများစွာကွာဝေးသည့် မိမိဒေသတွင်းမှ မဟုတ်သောပင်လယ်ပြင်တွင် မုန်တိုင်းတလုံးဖြစ်ပေါ်လျှင်လည်း အသက်အိုးအိမ်စည်စိမ်ဥစ္စာတိုကို ဖျက်ဆီးနိုင်သော လွန်စွာမှအန္တရာယ်များသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်စေနိုင်ကြောင်း သင်္ခဏ်းစာကြီးကြီးရခဲ့ကြပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှ စတင်ဖြစ်ပေါ်သည့် တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန်များကြောင့် ဖြစ်ခဲ့သည့် ရေကြီးရေလွှမ်းခြင်း၊ တောင်ပြိုမြေပြိုခြင်းဖြစ်စဉ်များ ဖြစ်ပွားပြီး၊ လူ့အသက်ပေါင်းများစွာသေဆုံး/ပျောက်ဆုံးခြင်း၊ ကျွဲနွားတိရိစ္ဆာန်တို့ သေဆုံးပျောက်ဆုံးခြင်း၊ လယ်ယာနှင့်သီးနှံစိုက်ပျိုးမြေများရေလွှမ်းပျက်စီးဆုံရှုံးခြင်း စသည့် ရေနှင့်ပတ်သက်သော သဘာဝဘေးကြီးများ ဖြစ်ပွားခဲ့၏။ တကြိမ်တခါမှ ရေကြီးရေလွှမ်းခြင်းမရှိသော၊ မိုးရာသွန်းမှုအလွန်နည်းပါးခဲ့သော မိုးနည်းရေရှားဒေသများအထိ ရေလွှမ်းခြင်း/မြေပြိုခြင်းများဖြစ်ကာ ဆုံးရှုံမှုများ ကြီးမားခဲ့ကြ၏။ တိကျမှန်ကန်သော ခန့်မှန်းချက်များဖြင့် သတိပေး၊ အသိပေးနိုင်မှသာ ဤသို့သော ဘေးအန္တရာယ်ဆိုးကြီးများမှ ရှောင်ရှားလွတ်မြောက်နိုင်ကြမည်ဆိုသည်မှာကား မြေကြီးလက်ခတ်မလွဲပေ။
မိုးလေဝသဖြစ်နိုင်ချေများကို ကြိုတင်ခန့်မှန်းတင်ပြရာတွင် အပို/အလိုနှင့် မှားယွင်းမှုတို့နည်းနိုင်သမျှနည်းပြီး သဘာဝဘေးကျရောက်နိုင်ချေရှိသည့်ဒေသခံပြည်သူများကို မှန်ကန်စွာအသိပေးနိုင်ရန် ကြိုတင်ခန့်မှန်းရန်နည်းလမ်းများအကြောင်း စေ့စပ်သေချာစွာလေ့လာသုံးသပ်ပြီး အတည်ပြုချက်များရယူနိုင်ရေးသည် အထူးအရေးကြီးသည်။
မြေပြင်မိုးလေဝသ chart များမှ တွက်ချက်ခန့်မှန်းခြင်းကို ဆောင်ရွက်နိုင်ရန် မိုးလေဝသ chart များကိုရေးဆွဲတင်ပေးနေသည့် ထိုင်းမိုးလေဝသဌာနနှင့် WXCHART website တို့မှ ရရှိနိုင်သည်၊ WINDY APP နှင့် METEOBLUE APP တို့တွင်လည်း ရရှိနိုင်သည်။ မိုးလေဝသပညာကို အသေးစိတ်လေ့လာသင်ယူထားသည့် မိုးလေဝသပညာရှင်မဟုတ်လျှင် မိုးလေဝသ chart များမှ ကြိုတင်ခန့်မှန်းချက်အား တွက်ချက်ရယူနိုင်ရန် လေ့ကျင့်ခြင်း/သင်ယူခြင်းနှင့် သုံးသပ်ခန့်မှန်းခြင်းများကို ဦးစွာလုပ်ထားရလိမ့်မည်။
Weather Application များမှ တဆင့် ကြိုတင်ခန့်မှန်းခြင်းကို လေ့လာဆောင်ရွက်နိုင်ရန်၊ ယနေ့အများအသုံးပြုလျှက်ရှိသော Weather APP များစွာရှိပြီး၊ APP ကို ကျွမ်းကျင်ပိုင်နိုင်စွာသုံးတတ်အောင်လေ့လာလျှင် ကြိုတင်ခန့်မှန်းချက်များကို အနီးစပ်ဆုံးခန့်မှန်းတတ်လာနိုင်သည်။ Weather App တည်ထောင်သူများမှ ရင်းနှီးမြှုပ်နှံမှုအဖြစ်ဝယ်ယူအသုံးပြုသည့် သင်္ချာပုံစံပြုမော်ဒယ်(Numerical Models)များသည် စွမ်းအားမြင့် ကွန်ပျူတာများဖြင့် တွက်ချက်ပေးထားခြင်းကြောင့် တိကျမှန်ကန်မှုပိုများသည်။ ခေါင်းအစားခံပြီး တွက်ချက်နေရန်မလို။ သို့ရာတွင် အောက်ပါတို့ကို သဘောပေါက်နားလည်ထားဘို့တော့ လိုအပ်သည် ....
မည်သည့် သင်္ချာပုံစံပြုမော်ဒယ်က ပို၍မှန်ကန်သည်၊ ပို၍နီးစပ်သည်ဆိုသည်ဟူ၍မရှိသောကြောင့် မော်ဒယ်များစုပေါင်းခန့်မှန်းခြင်းမှ ပျမ်းမျှရယူပေးနိုင်သည့် Ensemble Models Data များကို နာမည်ကြီး Weather App အတော်များများက အသုံးပြုကြပြီး ကြည့်ရှုသူနားလည်လွယ်စေသည့် ပုံများ၊ ရှင်းလင်းချက်များကို ဖေါ်ပြနိုင်သော software များဖြင့်စီးပွားရေးသုံး Paid Version မိုးလေဝသခန့်မှန်းသည့် APP များကို ထုတ်လုပ်လာကြသည်။
ဤသို့ဖြင့် Free version နှင့် Paid Version(အလကားကြည့်၍ရသော APP နှင့် လစဉ်ကြေး-နှစ်စဉ်ကြေးပေး၍ ကြည့်ရသော APP)များအဖြစ် ထုတ်လုပ်ကြပြီး Free and Paid version များအကြားတွင် -
ကြိုတင်ခန့်မှန်းချက်ပေးနိုင်သည့် ရက်အနည်းအများ၊
၁ နာရီတစ်ကြိမ်၊ ၃ နာရီတစ်ကြိမ်၊ ၆ နာရီတစ်ကြိမ်၊ ၁၂ နာရီတစ်ကြိမ် စသည်ဖြင့် အလိုက်ဖေါ်ပြပေးနိုင်သည့် တိကျမှုများ မတူကွဲပြားခြားနားလာသည်။
ပိုမိုအသေးစိတ်ကြည့်နိုင်ခြင်း၊ ရက်ဝေးဝေးကြည့်နိုင်ခြင်းနှင့် နာရီစဉ်အသေးစိတ်ခန့်မှန်းကြည့်ရှုနိုင်သော Weather App က သူတို့ထုတ်လုပ်သော App များကို အဆင့်များခွဲကာ Free Version, Premium Version စသည်ဖြင့် ရောင်းချလာကြသည်။ မိုးလေဝသဆိုင်ရာ အခြေခံကျသော အချက်အလက်များကို ရောင်းချခြင်းမဟုတ်၊ APP တခု၏ Level ကိုရောင်းချခြင်း/ဝယ်သုံးရခြင်းဖြစ်ကြောင်းကိုလည်း သဘောပေါက်ဘို့လိုသည်။
မိုးလေဝသဆိုင်ရာတွက်ချက်ခြင်း သင်္ချာပညာရပ်သည် ပုံသေနည်းများစွာကို အသုံးပြုပြီး မတူညီသည့် သင်္ချာပုံစံပြုမော်ဒယ်များမှ ရရှိသည့်အချက်အလက်များကို ကြည့်ရှုသူနားလည်သဘောပေါက်အောင် ပုံဖေါ်ပေးခြင်းဖြစ်သည်။
"မိုးလေဝသရေဒါ"အချက်အလက်များ၊ ဂြိုဟ်တုပုံအချက်အလက်များ၊ အဆုံးအဖြတ်ပေးနိုင်မှုများ၊ အမျိုးအစားတူမော်ဒယ်များစုပေါင်းခန့်မှန်းချက်တို့မှတဆင့် ကြိုတင်ခန့်မှန်းချက်များ၊ ရာသီဥတုဆိုင်ရာ ရက်ဝေးကြိုတင်ခန့်မှန်းခြင်းများနှင့် ပြန်လည်ဆန်းစစ်သုံးသပ်အတည်ပြုခြင်းများကို ဆောင်ရွက်သည်။
ကြိုတင်ခန့်မှန်းမှု ကာလအပိုင်းအခြားနှင့် ပုံဖေါ်မှုအရည်အသွေးတို့သည် အသုံးပြုသည့် မူလမော်ဒယ်မှ ရရှိသည့် အချက်အလက်အရင်းအမြစ်များအပေါ်တွင် ကွဲပြားခြားနားသွားသည်။ ဤနေရာတွင် မည်သည့်မော်ဒယ်က မည်မျှ စိတ်ချရသော ကြိုတင်ခန့်မှန်းချက်ကို ပေးစွမ်းနိုင်မည်ဆိုသည့် သုံးသပ်ချက်ကို ရရှိလာနိုင်မည်ဖြစ်သည်
(ဆက်ရန်)
(အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်)
=====
WINDY APP မှ Thunder Storm ဆိုတာကို နားလည်မှုလွဲမှားမှာစိုးလို့ပါ။
အဓိပ္ပါယ်ဖွင့်ဆိုချက်
Thunder Storm ဆိုတာက မိုးတိမ်တောင်ကြီးတွေဖြစ်လာ၊ တိမ်ထူထပ်လာပြီး တော့ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ကာ မိုးသည်းထန်ခြင်း လေပြင်းတိုက်ခတ်ခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။
ဒီလိုအခြေအနေအားလုံးကို ခြုံပြီး Thunder Storm လို့ ခေါ်တာဖြစ်ပါတယ်။
တလုံးစီဘာသာပြန်ပြီး "Thunder+Storm = မိုးကြိုး+မုန်တိုင်း" လို့ ခေါ်တာ မဟုတ်ပါ။
(Thunderstorm, a violent short-lived weather disturbance that is almost always associated with lightning, thunder, dense clouds, heavy rain or hail, and strong gusty winds)
Windy မှာတော့ Thunder Storm ကို ကြည့်တဲ့အခါ ဒီလို အဓိပ္ပါယ်ဖွင့်ထားပါတယ် -
In Thunderstorms layer, l/km² means lightning per square kilometer.
The amount of rain is in mm or in inches, but never mm/m². Sometime one uses l/m² (liter per square meter).
မြန်မာလိုနားလည်လွယ်အောင် ပြောရရင်တော့ -
အမြင့်တူညီတဲ့ လေထုအလွှာထဲက ၁ စတုရန်းကီလိုမီတာဧရိယာထဲမှာ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ(ထစ်ချုန်းမည့်အကြိမ်ရေ) ဘယ်နှစ်ကြိမ်ရှိနိုင်တယ်လို့ဆိုလိုတာဖြစ်ပြီး ... တချို့က ၁ စတုရန်းကီလိုမီတာဧရိယာအတွင်း မိုးရေချိန် ၁ လီတာရွာတယ်လို့ လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုနေကြပါတယ် တဲ့။
Windy Thunder Storm Feature မှ ကြိုတင်ခန့်မှန်းချက်ကိုလေ့လာခြင်း
ပုံမှာကြည့်ရင် - အောက်တိုဘာလ ၈ ရက် ညနေ ၃ နာရီအချိန်၊ မလှိုင်၊ တောင်သာ၊ ငသရောက်နဲ့ ကျောက်ပန်းတောင်းမြို့များကြားမှာ ထစ်ချုန်းမှုအကြိမ်ရေ ၁၀ ကြိမ်အထက် ရှိနိုင်မယ် လို့ဖေါ်ပြနေတာတွေ့ရပါမယ်။
ဒီကြိုတင်ခန့်မှန်းချက်ကိုကြည့်ပြီး ကိုယ်နေတဲ့ ဒေသတွင်းဘယ်အချိန်မှာတော့ မိုးကြိုးအန္တရာယ်ရှိနိုင်မယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် လူ၊ တိရိစ္ဆာန်(ကျွဲ/နွားများ) အသက်အန္တရာယ်မဖြစ်အောင် သတိထားရှောင်ရှားနိုင်ကြမှာပါ။
မိမိကြည့်လိုသည့်ဒေသအတွက် လိုသလိုဆွဲယူ၊ ချုံ့-ချဲ့ ကြည့်နိုင်မည့် Interactive Map
(အောက်တိုဘာလ ၆ ရက် ည ၉ နာရီခွဲ)
Daily Max Rainfall က ပုံမှန် မုတ်သုန်မိုးထက် မုန်တိုင်းမိုး အပေါ်မှာ အဓိက မူတည် တယ်လို့ ယူဆလို့ ရပါသလား?
မုတ်သုံမိုးဖြစ်စေ၊ မုန်တိုင်းမိုးဖြစ်စေ မုတ်သုံရဲ့အား၊ မုန်တိုင်းရဲ့အားနဲ့ အရွယ်အစား၊ လမ်းကြောင်းတွေပေါ်မူတည်ပါတယ်။
မုတ်သုံအားရော၊ မုန်တိုင်းအားနဲ့ အရွယ်အစားရော - ၂ ခုစလုံးက ပင်လယ်ပြင်မှာရှိနေတဲ့ အပူချိန်၊ ရေခိုးရေငွေ့ပါဝင်မှုတွေအပေါ် မူတည်နေပြန်ပါတယ်။
မုတ်သုံမိုးက မုတ်သုံအားမကောင်းတဲ့အချိန် မိုးလဲ ကောင်းမှာမဟုတ်ပါဘူး၊ မုန်တိုင်းအရွယ်အစား၊ အားဘယ်လောက်ကောင်းနေနေ မုန်တိုင်းလမ်းကြောင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်အရပ်တွေအပေါ် မုန်တိုင်းသက်ရောက်မှုက ကွာခြားပါတယ်။
ဒီသက်ရောက်မှုတွေကြောင့် Daily Max Rainfall အနည်းအများကလဲ ကွာသွားမှာပါ။
Daily Max Rainfall က မုန်တိုင်းမိုး အပေါ်မှာ မူတည်ခဲ့ရင် မြန်မာ နိုင်ငံရဲ့ ဘယ်ဒေသဖြစ်ဖြစ် ရွာသွန်းနိုင်ခြေ တူတယ်(သိပ်မကွာ) လို့ ယူဆလို့ ရပါသလား?
ဥပမာ ကျောက်ဖြူမြို့မှာ Daily Max Rainfall (24Hr) 20" ရွာနိုင်ခြေရှိရင် တစ်နိုင်ငံလုံး လည်း 20" ရွာနိုင်ခြေရှိတယ် လို့ ယူဆလို့ ရပါသလား?
ယူဆလို့မရပါ။ အပေါ်မှာ ပြောခဲ့သလို မုန်တိုင်းမိုးအနည်းအများက မုန်တိုင်းလမ်းကြောင်း၊ ကုန်းတွင်းဝင်ပြီးတဲ့အခါ ဆက်လက်ရွေ့လျားနိုင်မဲ့ မုန်တိုင်းအကြွင်းအကျန်များဦးတည်ရာတွေပေါ်မှာလဲ တည်မှီနေတာကြောင့်ပါ။
မြန်မာနိုင်ငံရဲ့ Daily PMP( Probable Max Precipitation) တစ်ရက်အများဆုံး ရွာသွန်း နိုင်ခြေ ကို Meteorology နဲ့ခန့်မှန်းလို့ ထားတာရှိပါသလား?
ဆိုလိုတာက သင်္ချာ နည်းနဲ့ 100 year, 1000 year, 10000 year Return Period အရ တွက်တဲ့ နည်းတေထက် မိုးလေဝသဖြစ်စဉ်( မုန်တိုင်းကြီး) အပေါ်အခြေခံတဲ့ နည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ PMP ခန့်မှန်းရင် ဘယ်လောက် ပမာဏ ဖြစ်နိုင်ပါသလဲ ခင်မျ။
ဆရာ အချိန်ရရင် သုံးသပ်ပေးစေလိုပါတယ်
ကျနော့်အမြင်နဲ့ အတွေ့အကြုံအရပြောရရင် အခုမေးထားတဲ့ ရာနဲ့ချီတဲ့ နှစ်တွေကို အသာထား၊ နောက်လာမဲ့ ၇၂ နာရီ ကြိုတင်ခန့်မှန်းချက်ကိုတောင် ပုံသေတွက်လို့ မရနိုင်ပါ။
Seasonal Forecast အနေနဲ့ နှစ်စဉ်ရွာသွန်းမြဲအထက်/အောက် ရွာသွန်းမြဲခန့်ဆိုတာလောက်ကိုသာ numerical models တွေက တွက်ချက်ပေးနိုင်ပါတယ်။
အခုကြုံတွေ့နေကြရသလို Climate changes တွေပိုဆိုးလာပြီး အယ်လ်နီညို/လာနီညာတွေဖြစ်ပေါ်မှု ပိုစိပ်လာတဲ့ ကာလအတွင်းမှာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နေ့စဉ် ၃ နာရီ တကြိမ်၊ ၆ နာရီတကြိမ် မိုးလေဝသဂြိုဟ်တုတွေက ရိုက်ကူးပေးပို့နေတဲ့ဓါတ်ပုံတွေက နာရီနဲ့အမျှပြောင်းလဲနေတာကြောင့်ပါ။
အဲ့ဒါကြောင့် ကြိုတင်ခန့်မှန်းတွေကလဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ အခုနောက်ပိုင်း Numerical model တွေမှာ အနည်းဆုံး ၃ နာရီ တကြိမ်မှ ၆ နာရီတကြိမ်သာ update ပေးပါတယ်။
မုန်တိုင်းတလုံးကို Analyze လုပ်တာနဲ့ Verification လုပ်တဲ့ ဌာနတွေကတော့ မုန်တိုင်းဖြစ်ပေါ်တဲ့နေရာက အချက်အလက်တွေ အသေးစိတ်ရယူနိုင်ရန်အတွက် ၁၀ မိနစ် တကြိမ် verify လုပ်နိုင်အောင် Satellite data(Microwave, IR, ... etc)ပုံရိပ်တွေကို မိုးလေဝသဂြိုဟ်တုတလုံးထဲကမဟုတ်ပဲ Multi Satellite တွေဆီက Data image တွေကို ရယူသုံးစွဲကြပါတယ်။
အချုပ်ပြောရရင် မိုးရွာနိုင်ချေကို ကြိုတင်ခန့်မှန်းဘို့ဆိုတာ အရင် ရာသီဥတုမှန်ပါတယ်ဆိုတဲ့ နှစ်တွေမှာတောင်မှ မိုးရွာနိုင်မဲ့အချိန်၊ နေရာနဲ့ ပမာဏအတိအကျကို ကြိုတင်ခန့်မှန်းရန် မိုးလေဝသရေဒါကိုသုံးပြီးရတဲ့ ပုံရိပ်တွေမရှိရင်မမှန်တော့ပါဘူး။
နောက်ပိုင်းမှာ ကွန်ပျူတာနည်းပညာတွေအဆင့်မြင့်လာပြီး မုန်တိုင်းလမ်းကြောင်း၊ ဝင်မဲ့အချိန်၊ ကုန်းတွင်းမှာဆက်ရွေ့မဲ့လမ်းကြောင်းဆိုတာတွေ အတိအကျတွက်ချက်ပေးနိုင်လို့သာ အဲ့ဒီကာလအတွင်းဘယ်နေရာဘယ်ဒေသမှာ မိုးဘယ်လောက်များနိုင်မယ်ဆိုတာ ခန့်မှန်းနိုင်ကြတာပါ။
မိုးဘယ်နေရာမှာဘယ်လိုရွာနိုင်မယ်ဆိုတာနဲ့ပတ်သက်လို့ နေရာအတိအကျ၊ မိုးရေချိန်အတိအကျ၊ အချိန်အတိအကျ ဂြိုဟ်တုကရတဲ့ အချက်အလက်တွေကို စာရွက်ပေါ်ချရေးပြီးထိုင်တွက်လို့တော့ မရနိုင်ပါဘူးဗျာ။ အဆင့်မြင့်ကွန်ပျူတာတွေ။ ဉာဏ်ရည်တု(AI)တွက်ချက်ခြင်းတွေနဲ့ ခန့်မှန်းတာတောင် နေရာ/အချိန်/မိုးအနည်းအများတွေကွာဟမှုရှိနေပါသေးတယ်။
ဒါကြောင့် ...
"မိုးနဲ့နသိုးအစိုးမရ"ဆိုတဲ့ စကားကတော့ ခုချိန်အထိ မှန်နေတုန်းပါဘဲ။
(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ)
======
၂၀၀၈ ခုနှစ် မေလ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်တိုက်တဲ့အချိန်၊ ရန်ကုန်မှာ လေသံတဝှီးဝှီးနဲ့ ခေါင်းပေါ်မှာမြှားတွေပစ်သလို အရှိန်ပြင်းပြင်းဖြတ်နေတဲ့ သစ်ကိုင်းတွေရဲ့အသံ၊ ည ၁၁ နာရီ ခွဲလောက်က စ လိုက်တာ နောက်နေ့မနက် ၁၁ နာရီကျော်တဲ့အထိ မငြိမ်ချင်သေးဘူး။ နာဂစ်တည့်တည့်ဖြတ်သန်းရာလမ်းကြောင်းတလျှောက်က ထောင်ပေါင်းများစွာသော လူတွေရဲ့ အသက်တွေ၊ မိဘမဲ့၊ သားသမီးမဲ့ဖြစ်သွားရတဲ့သူတွေဘယ်လောက်တောင် များသွားမယ်ဆိုတာ တွေးကြည့်မိရုံနဲ့ ကြက်သီးဖြန်းဖြန်းထတယ်။ ဆိုရှယ်မီဒီယာတွေပေါ်တက်လာတဲ့ ပုံတွေက နောက်ရက်တွေ အတော်ကြာတဲ့အထိ မျက်စေ့ထဲက မထွက်ဘူး။
၂၀၀၈ ခုနှစ်တုန်းကတော့ ...
ကျနော်တို့ သတင်းနဲ့ ဆက်သွယ်ရေး(ICT)နည်းပညာတွေမှာ နောက်ကျနေလို့-ခေတ်မမီသေးလို့၊ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ နောက်ကျလို့၊ သို့မဟုတ် လုပ်ကိုမလုပ်နိုင်ခဲ့လို့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ဒီလောက်ခံခဲ့ရတာလို့ မှတ်ထားလိုက်တယ်။
အဲ့ဒီအချိန်က စ ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ သဘာဝဘေးပေါင်းစုံအတွက် ဘာတွေပြင်ဆင်တယ်၊ ပြည်သူတွေကိုဘယ်လို အသိပေးတယ်၊ သတိပေးတယ်ဆိုတာတွေကို အသေးစိတ်လေ့လာတယ်။
ခုချိန် ၂၀၂၄ ခုနှစ်အထိ ကိုယ့်ရဲ့ profession မဟုတ်တဲ့သိပ္ပံပညာတွေကို လေ့လာဆည်းပူးမှတ်သားရင်း ပြည်သူလူထုကို အချိန်မီ အသိပေးနိုင်-သတိပေးနိုင်တဲ့ နည်းလမ်းတွေ ရှာလို့မကုန်နိင်၊ လေ့လာလို့ မကုန်ဘူး၊ လေ့လာစရာတွေကို ထပ်လဲတွေ့နေဦးမှာပါဘဲ။
လျှပ်စစ်မီးမမှန်တဲ့၊ အင်တာနက်လိုင်းကောင်းကောင်းမရတဲ့ နေရာတွေက များတယ်။ အဲ့ဒီ ၂ မျိုးသာ မှန်မှန်ရအောင် လုပ်ပေးနိုင်ရင်၊ ရာသီဥတုနဲ့ မိုးလေဝသအချက်အလက်တွေ အချိန်နဲ့တပြေးညီရနိုင်အောင် အလိုအလျှောက်လုပ်ပေးနိုင်တဲ့ Weather Station တွေရှိတာကို သိလာရတယ်။ အသေးစိတ်လေ့လာပြီးတော့ လိုအပ်မဲ့နေရာတွေမှာ တပ်ဆင်ပေးနိုင်အောင်ကြိုးစားနေတယ်။
ကျနော်ဒီလိုတွေ အားထည့်ပြီးလုပ်နိုင်အောင် နောက်ကကူညီပံ့ပိုးပေးနေသူများရဲ့ စေတနာကလဲ တန်ဘိုးဖြတ်လို့မရဘူး။
ဒီစေတနာ၊ သဒ္ဒါတရားထက်သန်မှုတွေ အလဟဿမဖြစ်ရအောင် ကျနော်ကြိုးစားရဦးမယ်။
နည်းပညာတွေက မြင့်ပြီးရင်းမြင့်ရင်းဖြစ်နေတာက ရပ်သွားမှာမဟုတ်ဘူး၊ ဒီနေ့ပြီးရင် နောက်နေ့ နောက်တမျိုးတီထွင်လာကြဦးမှာ၊ ကျနော်တို့က သုံးနိုင်ဘို့နဲ့ သုံးတတ်ဘို့ပဲလိုတယ်။ ပြီးတော့ ဘယ်လောက်အထိ ထိရောက်တယ်၊ အသုံးဝင်တယ်ဆိုတာ ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေအပေါ် မှီခိုလုပ်နေကြရတဲ့ စိုက်ပျိုးရေးတောင်သူတွေ၊ ပင်လယ်ပြင်က ရေလုပ်သားတွေ၊ အဆောက်အဦနဲ့လမ်းတံတားတည်ဆောက်တဲ့ အင်ဂျင်နီယာတွေ၊ အခြားအခြားသောလုပ်ငန်းကြီးတွေ လုပ်ကိုင်နေကြသူများကိုလဲ စိတ်ဝင်စားအောင်၊ နားလည်အောင်နဲ့ အသုံးချရကောင်းမှန်းသိအောင် ပြောပြ/ရှင်းပြပေးတာတွေ လုပ်ရဦးမယ်။
အခုလဲလာပြန်ပြီ၊ နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး၊ မိုးရေချိန်တိုင်းတာတောင် မိုးရေခံတဲ့ ခွက်မပါ၊ vibration sensor နဲ့ တိုင်းတဲ့ Weather Station အသစ်တခု ထွက်လာပြန်တယ်။ နေရောင်ခြည်စွမ်းအင်မရတဲ့အချိန်သုံးဘို့ Back-up power တော့ ရှိရမှာပေါ့။
ဒီ Weather Station တွေက တကမ္ဘာလုံးမှာတပ်ထားကြတယ်။ တကမ္ဘာလုံးက မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာအချက်အလက်တွေကို ကျနော်တို့ လေ့လာလို့၊ မှတ်တမ်းယူလို့ ရနေတယ်။
ဒီ post မှာ "တဖြည်းဖြည်းနဲ့ မြင့်မားလာတဲ့ မိုးလေဝသခန့်မှန်းတိုင်းတာရေးနည်းပညာတွေအကြောင်း"ပြောပြချင်တာပါ။ မိုးလေဝသဂြိုဟ်တုတွေနဲ့ ဉာဏ်ရည်တု(AI)ခန့်မှန်းရေး model တွေအကြောင်းကတော့ အဆင့်တအားမြင့်နေပြီးလက်လှမ်းမှီအောင် မလေ့လာနိုင်သေးတော့ မပြောနိုင်သေးပါ။ လေ့လာနိုင်သလောက် ဆက်ပြီး လေ့လာဆည်းပူးနေပါဦးမယ်။
====
The solar-powered Ambient Weather WS-4000 is an all-in-one weather station designed for comprehensive environmental monitoring. It features sensors for temperature, humidity, haptic rain, light, ultraviolet, air pressure, and ultrasonic wind. Remotely monitor your weather station data on the easy-to-use Ambient Weather Network (AWN) App or by visiting ambientweather.net.
နေရောင်ခြည်စွမ်းအင်သုံး Ambient Weather Station WS-4000 သည် ပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ရန်အတွက် လိုအပ်သည့်အာရုံခံစနစ်အားလုံးကို တခုတည်းတွင် စုပေါင်းထည့်သွင်းပုံစံထုတ်ထားသည့် (Weather Station)"ရာသီဥတုနှင့် မိုးလေဝသတိုင်းတာရေးစခန်း"တစ်ခုဖြစ်သည်။ WS-4000 သည် အပူချိန်၊ စိုထိုင်းဆ၊ မိုးရေချိန်၊ အလင်းအား၊ ခရမ်းလွန်ရောင်ခြည်၊ လေဖိအားနှင့် အသံကြိမ်နှုန်းမြင့်နည်းပညာဖြင့်လေတိုက်နှုန်း/လေတိုက်ရာအရပ်ကိုအာရုံခံသည့် အာရုံခံကိရိယာများ ပါရှိသည်။ WS-4000 ၏ ထူးခြားချက်က လှုပ်ရှားသောအစိတ်အပိုင်းများလုံဝမပါတော့ခြင်းဖြစ်သည်။ မိုးရေချိန်ရယူသော Rain Gauge တွင် ယခင်ကလှုပ်ရှားမှုရှိပြီးမှ မိုးရေချိန်ကိုရယူရသောအစိတ်အပိုင်းအစား ကောင်းကင်မှကျဆင်းလာသည့်မိုးရေစက်များထိမှန်ခြင်းကြောင့် ဖြစ်ပေါ်သည့် တုန်ခါမှုကိုအာရုံခံသည့်စနစ်ဖြင့် မိုးရေချိန်ကိုတိုင်းတာသော Haptic Rain sensor ပါလာခြင်းဖြစ်သဖြင့် WS-4000 တွင် Moving parts များလုံးဝမပါရှိတော့ပေ။
(The word haptic, from the Greek: ἁπτικός (haptikos), means "tactile, pertaining to the sense of touch". Simple haptic devices are common in the form of game controllers, joysticks, and steering wheels.)
မတ်လ-၁၆ ရက် ၊ နံနက် ၀၂၀၀ နာရီ
=====
"လေထုညစ်ညမ်းမှုအခြေအနေ"ဆိုတာကို ဆက်မပြောခင်မှာ -
အရင်ဆုံး PM2.5 ဆိုတာဘာလဲဆိုတာ သိထားဖို့ လိုပါတယ်။ လေထုထဲမှာရှိနေတဲ့ အလွန်သေးငယ်သောအမှုန်အမွှားလေးတွေရဲ့အရွယ်အစားကို PM2.5 နဲ့ PM10 လို့ ခေါ်တာဖြစ်ပြီး PM2.5 ဆိုတာက အဲ့ဒီအမှုန်အမွှားလေးရဲ့ အရွယ်အစားဟာ ၂.၅ မိုက်ခရွန်အထိသေးငယ်လွန်းကြောင်းဖေါ်ပြတာဖြစ်ပါတယ်။ PM10 ကတော့ ၂.၅ မိုက်ခရွန်ထက်ပိုကြီးတဲ့ ၁၀ မိုက်ခရွန်အရွယ်အစားရှိတဲ့ အမှုန်အမွှားလေးဖြစ်ပါတယ်။
PM2.5 ဖြစ်စေ၊ PM10ဖြစ်စေ ဒီအမှုန်အမွှားလေးတွေဟာ အသက်ရှုလိုက်တိုင်း မိမိနှာခေါင်းနဲ့ ပါးစပ်တို့မှ အလွယ်တကူရှုသွင်းလိုက်နိုင်တဲ့အရွယ်အစားလဲ ဖြစ်ပါတယ်။ ဒီအမှုန်လေးတွှထဲမှာ မော်တော်ယာဉ်တွေက ထွက်လာတဲ့ လောင်စာဆီလောင်ကျွမ်းပြီးထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုက်နဲ့ မီးရှို့ခြင်းများမှထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အငွေ့တွေကတော့ ပါဝင်မှုများနေမှာ သေချာပါတယ်။
အမှုန်အမွှားလေးတွေရဲ့ လေထုထဲပါဝင်မှုနှုန်း - ၁ ကုဗမီတာအတွင်းမှာ အမှုန်အမွှားအလေးချိန်(မိုက်ခရိုဂရမ်)ဘယ်လောက်အထိပါဝင်နေလဲဆိုတာ တိုင်းတာပြီး မိုက်ခရိုဂရမ်/ကုဗမီတာ(μg/m³)နဲ့ ပြပါတယ်။ အဲ့ဒီပါဝင်မှုအနည်းအများ ပမာဏဘယ်လောက်ရှိနေတယ်ဆိုရင် လူသားများကျန်းမာရေးအတွက် ဘယ်လောက်အထိ ထိခိုက်နိုင်မယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ထုတ်ပြန်ထားပါတယ်။
WHO ရဲ့ သတ်မှတ်ချက်က တနှစ်လုံးပျမ်းမျှ 10 μg/m³ (annual mean) နဲ့ နေ့စဉ်ပါဝင်မှု 25 μg/m³ (daily mean)ဖြစ်ပါတယ်။ နေ့စဉ်တိုင်းတာရရှိတဲ့ PM2.5 ပမာဏဟာ ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာထက်ကျော်လွန်ပါဝင်နေရင် အသက်ရှုလိုက်တိုင်း အဆုတ်ထဲကို ရောက်သွားနိုင်ပြီး အသက်ရှုလမ်းကြောင်းအတွင်းနဲ့ မျက်စေ့၊ နှာခေါင်း၊ လည်ချောင်းတွေယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းနဲ့ အသက်ရှုကြပ်လာခြင်းစတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါမယ်။
ဒီလောက်သေးငယ်တဲ့အမှုန်အမွှားလေးတွေကို အခုခေတ်မှာ ဂြိုဟ်တုပုံရိပ်များမှတဆင့် ဥရောပသမ္မဂ္ဂ(European Union)နဲ့အလုပ်လုပ်နေတဲ့ ECMWF Integrated Forecasting System(IFS)က လေထုထဲက ဓါတုဒြပ်မှုန်များပါဝင်မှုကိုတွက်ချက် ထုတ်ပြန်ပေးတာဖြစ်ပါတယ်။
လေထုထဲမှာ PM2.5 အမှုန်များ ၂၄ နာရီအတွင်း ၃၅ မိုက်ခရိုဂရမ်/ကုဗမီတာထက်ပိုများလာရင် လေထုအရည်အသွေးတိုင်းတာမှုအညွှန်းကိန်း(AQI - Air Quality Index)က ၁၀၀ ရှိကြောင်းပြပြီး AQI ၁၀၀ ထက်မြင့်လာရင်တော့ အရင်က ပန်းနာရင်ကြပ်ရောဂါအခံရှိသူတွေအတွက်ရော သာမန်ကျန်းမာရေးကောင်းသူတွေအတွက်ပါ ထိခိုက်နိုင်ကြောင်း မှတ်သားရပါတယ်။
NOTE: IFS is a comprehensive global numerical whether prediction system developed and operated by ECMWF. As part of the Copernicus programme of the European Union, the system is run at a horizontal resolution of 40 km and includes a detailed representation of atmospheric composition processes.
လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI ကို တိုင်းတာပြီး online ကတဆင့်အများပြည်သူသိအောင်တင်ပြပေးနေတဲ့ သတင်းအချက်အလက်ထုတ်ဝေပေးနေတာက မြန်မာနိုင်ငံတခုလုံးကို မဆိုထားနဲ့ ရန်ကုန်မြို့ကြီးပေါ်မှာတောင် ၆ နေရာခန့်သာရှိပြီး ကျန်တိုင်းနဲ့ပြည်နယ်မြို့ကြီးတွေမှာတော့ လုံးဝမရှိကြောင်း ဝမ်းနည်းစွာတွေ့မြင်ရပါတယ်။
ပုံမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံများမှ online ပေါ်ကို သတင်းအချက်အလက်တိုင်းတာမျှဝေပေးနေတဲ့ AQI Sensor တွေတည်ရှိပုံကိုတွေ့ကြရပါမယ်။
ECMWF IFS ကတိုင်းတာရရှိတဲ့ PM2.5 နဲ့ PM10 ပါဝင်မှုနှုန်းတွေကို WINDY APP နဲ့ METEOBLUE APP တွေမှတဆင့်ကြည့်တဲ့အခါ မြန်မာနိုင်ငံပေါ်က ဘယ်နေရာတွေမှာ PM2.5 ပါဝင်မှုအခြေအနေဟာ သတ်မှတ်အတိုင်းအတာထက် ဘယ်လောက်တောင်ကျော်လွန်နေတယ်ဆိုတာ တွေ့ရပါမယ်။ AQI Sensor တွေကတဆင့် မြေပြင်မှာအမှန်တကယ်တိုင်းတာရရှိတဲ့ သတင်းအချက်အလက်တွေလိုတိကျမှုမရနိုင်ပေမဲ့လဲ AQI Sensor ပေါပေါများများမရှိတဲ့ကျနော်တို့နိုင်ငံအတွက်တော့ PM2.5 ပါဝင်မှုပမာဏ ၃၅ μg/m³ ကျော်နေရင်တော့ ကိုယ့်ပတ်ဝန်းကျင်က လေကိုရှုနေရတာဟာ ကျန်းမာရေးကို ဖြည်းဖြည်းချင်းထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေပြီလို့ သိထားရမှာဖြစ်ပါတယ်။ AQI data Sensor တွေဝယ်မတပ်နိုင်တော့လဲ WINDY နဲ့ METEOBLUE တို့သာ အားကိုးစရာရှိပါတယ်။
Windy APP မှ တဆင့် PM2.5 ပမာဏဘယ်လောက်ရှိကြောင်းကြည့်နိုင်တဲ့ Widget ကို MMWeather Website ရဲ့ Air Pollution Page မှာ ထည့်ပေးထားတာကြောင့် အဲ့ဒီမှာရှင်းပြထားတာကို ပြန်ဖတ်ကြည့်ရင်းကိုယ့်ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုအခြေအနေဘယ်လောက်ရှိနေတယ်ဆိုတာ ကြည့်တတ်လာကြပါလိမ့်မယ်။
တကယ်တန်း စင်္ကာပူဒေါ်လာ ၇၀ ဝန်းကျင်လောက်ပဲပေးရတဲ့ AQI detector လေးတွေ ကိုင်နိုင်ရင်၊ အဲ့ဒီကရတဲ့သတင်းအချက်အလက်လေးတွေ လိုင်းပေါ်ကိုဝေမျှပေးနိုင်မယ်ဆိုရင်တော့ ပြည်ပက မှာယူဖို့အခက်အခဲကြောင့်မသုံးနိုင်တဲ့ ကိုယ်ပတ်ဝန်းကျင်ကပြည်သူတွေအတွက် တကယ်ကိုအထောက်အကူဖြစ်မှာပါ။
PS: ပြည်တွင်းမှာ ဝယ်သုံးလို့ရကြောင်းသတင်းရှိရင်လဲ မျှဝေပေးကြစေချင်ပါတယ်။
INFORMATION AND DATA BASED on .. မတ်လ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲ UPDATE
======
အယ်လ်နီညိုမှ ENSO Neutral(အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ်သော ကြားနေရာသီဥတုအခြေအနေ)သို့ ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအတွင်းကူးပြောင်းရောက်ရှိနိုင်ချေ ၈၃% ရှိနေကြောင်း၊ ဇွန်လ မှ ဩဂုတ်လအတွင်း လာနီညာဖြစ်စဉ်ဖြစ်လာနိုင်ချေ ၆၂% ရှိလာကြောင်း၊ ရက်ဝေးခန့်မှန်းချက်များတွင် ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၈၀% အထက်ရှိနေကြောင်း NOAA ပစိဖိတ်အရှေ့မြောက်နဲ့ တောင်တရုတ်ပင်လယ်ပြင်များဆိုင်ရာ ရာသီဥတုဖြစ်စဉ်များကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါတယ်။ Neutral ကာလအတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း မေလမှသာ စတင်ဖြစ်ပေါ်လေ့ရှိသည့် IOD+(Indian Ocean Dipole Positive)ဖြစ်စဉ်ဖြစ်နိုင်ချေအားနည်းနေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။
ဒီအခြေအနေကြောင့် ၂၀၂၄ ခုနှစ်ရဲ့ မြန်မာနိုင်ငံ-မိုးရာသီကာလအကြိုခန့်မှန်းချက်အနေနဲ့ မိုးဦးကျကာလမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာသာ လေဖိအားနည်း/မုန်တိုင်းဖြစ်ပေါ်မှုမရှိဘူးဆိုရင် မိုးရွာနိုင်ချေကလျော့နည်းနေပါမယ်၊ နောက်တည်းပြောရရင် မိုးဦးကာလ မိုးမကောင်းနိုင်ဘူးဆိုတာ သေချာသလောက်ရှိနေပြီး မိုးမကျခင်အထိ အပူဒဏ်ကိုခံနေကြရဦးမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ တဆက်တည်းမှာ မိုးမရွာတာကြောင့် မြေဆီလွှာခြောက်သွေ့လာတာ၊ မြေအောက်ရေဆုတ်သွားတာ၊ သောက်သုံးရေရှားပါးလာတာနဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် မီးလောင်နိုင်ချေတွေလဲ မြင့်တက်လာနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းခြင်း(Air Pollution)အခြေအနေများဟာလဲ မိုးဦးကျချိန် မိုးစရွာချိန်အထိပူပြင်းခြောက်သွေ့မှုနဲ့အတူဆက်ရှိနေဦးမှာဖြစ်ပါတယ်။ မိုးရွာချိန်ကျမှ လေထုအတွင်းက လေထုညစ်ညမ်းမှုကိုဖြစ်နေစေတဲ့ အမှုန်အမွှားတွေဟာ မိုးရေထဲမှာပျော်ဝင်ပျောက်ကွယ်သွားပြီး လေထုညစ်ညမ်းမှုလည်း သဘာဝအလျှောက်ကျဆင်းသွားမှာဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူများအနေနဲ့လဲ ဖြစ်ပေါ်လာနိုင်မဲ့ ရာသီဥတုပြောင်းလဲမှုတွေအပေါ်သတိနဲ့ဆက်လက်ရင်ဆိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံးနစ်နာမှုမရှိရအောင် စိုက်ပျိုးရေနဲ့ စိုက်ပျိုးပင်အမျိုးအစားရွေးချယ်ခြင်းတွေကို စိုက်ပျိုးရေးကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးပြီး ရင်းနှီးစိုက်ပျိုးရန် အသိရှိကြစေချင်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး မိုးရွာသွန်းနိုင်ချေအတွက် လက်ရှိကြိုတင်ခန့်မှန်းချက်များအရ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်းတို့နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်းအထက်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်းဒေသအချို့မှာ နှစ်စဉ်ပုံမှရွာသွန်းမြဲအတိုင်းမိုးရွာသွန်းနိုင်ပြီး၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက်လျော့နည်းရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ မကွေးတိုင်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲအထက် မိုးရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
နောက်တချက်သတိထားဖို့လိုတာက ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလအပြီး မုတ်သုံဝင်ကာစအချိန်မှာ ဖြစ်လာတတ်တဲ့ မုန်တိုင်းများဟာ အားကောင်းတတ်ပါတယ်။ မုန်တိုင်းများဖြစ်ပေါ်နိုင်ချေကို မျက်ချေမပြတ်စောင့်ကြည့်ရန်နဲ့ မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ လိုအပ်တဲ့ ကာကွယ်ပြင်ဆင်မှုများအတွက် ကြိုတင်စီစဉ်အကောင်အထည်ဖေါ်ထားကြဖို့လဲ လိုပါမယ်။
ပင်လယ်ပြင်မှာအသက်မွေးဝမ်းကျောင်းနေကြရတဲ့ ရေလုပ်သားများအနေနဲ့ ဧပြီလ၊ မေလအကုန် ဇွန်လဆန်းပိုင်းမှာ မြင့်တက်နေတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကြောင့် ပင်လယ်ပြင်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများဖြစ်လာနိုင်ချေကို မပြတ်သတိထားကြရပါမယ်။ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်ချေများရှိလာရင် တွေ့ရရင်လဲ ကြိုတင်အသိပေးသွားမှာဖြစ်ပါတယ်။
အခုမှ ဆောင်းအကုန် - နွေအကူး ရာသီပြောင်းကာစကာလဖြစ်တာကြောင့် ညအအေးဓါတ်က နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်နေဆဲပါဘဲ။ ညအပူချိန်တွေတိုးလာပြီး ညဘက်အအေးပေါ့လာပြီးတဲ့နောက်မှာတော့ နေ့အပူချိန်တွေကို လျော့ကျအောင်ထိန်းပေးထားနိုင်မဲ့ အအေးဓါတ်လဲ မရှိသလောက်ဖြစ်လာပါလိမ့်မယ်။
GFS နဲ့ ICON model တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ -
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့မှာ မတ်လ ၁၅ ရက်နောက်ပိုင်းက စပြီး နေ့အပူချိန်တွေတက်လာနိုင်မယ်၊ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်ပါမယ်။
အပူဒဏ်(Heat Stroke)ကြောင့် အသက်ဆုံးရှုံးရသည်အထိဖြစ်လာနိုင်တာကြောင့် အပူပြင်းလာနိုင်မဲ့ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအထူးသတိထားကြစေချင်ပါတယ်။
Story Line ကိုတော့ ဒီလိုရေးထားတာတွေ့ရတယ် -
"Dr. Puneeth Rajkumar is back on the big screen for the last time teaming up with national award winning director Amoghavarsha for an epic family entertainer feature film. Intending to return the love and affection showered unconditionally on him, Dr Puneeth Rajkumar, a mega superstar lovingly known as Appu, sheds his stardom and sets on a journey to explore the marvels of his land. He teams up with Amoghavarsha, a passionate wildlife filmmaker, national award-winning director to go on this epic journey. This full length multilingual feature film is a fascinating musical journey of a true hero. An immersive cinematic experience through which he intended to share his beautiful journey with the world and make them a part of it."
"ရေကို ထိန်းသိမ်းပေးပြီး ချွေတာသုံးသင့်တယ်။ ကမ္ဘာကြီးပေါ်က သောက်သုံးလို့ရတဲ့ရေချို ၇၀% ကို စိုက်ပျိုးရေး/စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် သုံးနေကြရတယ်။ ရေဖြုန်းတီးနေကြတာကိုလျှော့ချကာကွယ်ပေးသလို သစ်ပင်သစ်တောတွေကိုလဲ ထိန်းသိမ်းပေးပြီးကာကွယ်ပေးသင့်တယ်။
ဘဝမှာလိုချင်တာတွေကို နည်းနည်းပဲ သတ်မှတ်ထားပြီး အဲ့ဒီလိုချင်မှုကို သဘာဝဆီပြောင်းလဲပေးနိုင်အောင် ခံစားကြည့်ရမယ်။ သဘာဝကို ဘယ်လိုလေးစားရမယ်၊ ဘယ်လိုချစ်ရမယ်ဆိုတဲ့ အသိတွေ ပိုပြီး တိုးပွားလာအောင် ကလေးတွေဆီ မျိုးစေ့ချပေးခဲ့ရမယ်" ဆိုတာတွေ ထပ်ပြီးသိလိုက် မှတ်သားလိုက်ရတယ်။ ရေပေါပေါရနေတဲ့ အရပ်ဒေသတွေမှာ ပေါရင်ပေါသလိုသုံးပစ်နေတာကို ထိန်းတတ်လာအောင်စိတ်ဓါတ်တွေ ပြင်ရမယ်။ အမှိုက်တစကို လမ်းသွားရင်းလွယ်လွယ် ပက်ကနဲပစ်တတ်ကြတဲ့အကျင့်ဆိုးတွေပြင်နိုင်အောင်လဲ ကြိုးစားကြရမယ်။
"အရင်ဆုံးတော့ လူတိုင်းအမှိုက်တွေကို သေသေချာချာစွန့်ပစ်တတ်အောင် သင်ပေးကြရမှာဘဲ"
"ပြီးရင်တော့ အစားအစာတွေ အလဟဿစွန့်ပစ်ခံနေရတာကို လျှော့ချရမယ် - ကမ္ဘာကြီးပေါ်မှာ စားနပ်ရိက္ခာထုတ်လုပ်မှုရဲ့ ၃ ပုံ ၁ ပုံ ဟာ ပျောက်ဆုံး/ပျက်စီး/ပိုလျှံနေလို့ စွန့်ပစ်ခံနေရတယ်၊ နှစ်စဉ်နှစ်တိုင်း အစာရိက္ခာတန်ချိန် ၁.၃ ဘီလီယံ က စွန့်ပစ်ခံရပြီးအမှိုက်ဖြစ်သွားတယ် တဲ့။ အဲ့ဒီတော့ လူတဦးချင်းတယောက်ချင်းစီကကိုယ်စားဖို့လိုအပ်တာထက်၊ စားနိုင်တာထက်ပိုပြီး မလိုချင်နဲ့ မဝယ်ချင် သိမ်းဆည်းသိုလှောင်မထားချင်ကြနဲ့ပေါ့ဗျာ"
ရုပ်ရှင် link: https://drive.google.com/file/d/1BdTooITQwDaXQwK3Z_R6dK8omUhyabXB/view?usp=sharing
Reference links:
https://www.imdb.com/video/vi1807074585/?playlistId=tt21288778&ref_=tt_ov_vi
Facebook post link: https://www.facebook.com/uwinnaing/posts/pfbid034FoZUzSe5hdGke7QatzxGpi8uWBSW99GnWDWAdmj2GEdQFaNHQT3Yb4pfdVjzZzUl