WEATHER ALERTS
ရာသီဥတုနှင့်မိုးလေဝသ ထူးခြားအခြေအနေများ
မေလ ၁၆ ရက်- ၁၇ ရက်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% ရှိနေသည် - ECMWF AIFS
ရာသီဥတုနှင့်မိုးလေဝသ ထူးခြားအခြေအနေများ
၂၀၂၅ ခုနှစ်၊ မတ်လ ပထမနှင့် ဒုတိယပတ်အတွင်း နေ့အပူချိန်များ ၄၀°C အထိမြင့်တက်လာနိုင်သည်။ (ပုံ)
(ECMWF CHART records)
ဒီဇင်ဘာ ၆ ရက် နေ့လည် ၂ နာရီ
====
📝 တောင်တရုတ်ပင်လယ်တောင်ပိုင်း၊ ထိုင်းပင်လယ်ကွေ့၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ မာလက္ကာရေလက်ကြား၊ စုမတြာကျွန်းတွေကို ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်တောင်ပိုင်းကိုဝင်ရောက်လာတဲ့ လေပွေလှိုင်း(UPPER AIR CYCLONIC CIRCULATION-UACC)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ပါတယ်။
📝 အိန္ဒိယမိုးလေဝသဌာမှ ဒီဇင်ဘာ-၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ၃.၁ ကီလိုမီတာ အမြင့် အထက်လေထုလွှာအတွင်း လေပွေလှိုင်းတခုဖြစ်ပေါ်နေကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့ဝန်းကျင်မှာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း(Low Pressure Area-LPA)တခုဖြစ်လာနိုင်ကြောင်း၊ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးတော့ သီရိလင်္ကာကျွန်းမြောက်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေ့လျားရောက်နိုင်ကြောင်း .. စသည်ဖြင့် ခန့်မှန်းထားပါတယ်။
📝 ECMWF Model ကြိုတင်ခန့်မှန်းချက်များအရ ဒီဇင်ဘာ ၁၉-၂၀ ဝန်းကျင်မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတခုအဆင့်ကို ရောက်လာနိုင်ကြောင်းတွေ့ရပါတယ်။
♦️ ဒီလေဖိအားနည်းရပ်ဝန်းဖြစ်လာတဲ့ အရှိန်ကြောင့် ...
⛈️ မြန်မာနိုင်ငံတောင်ပိုင်း-ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ တိမ်အသင့်တင့်မှ တိမ်ထူထပ်စွာဖြစ်ပေါ်လာနိုင်ပြီး၊ မိုးအသင့်အတင့်နေရာကွက်ပြီးရွာသွန်းနိုင်မဲ့ အခြေအနေများ "ဒီဇင်ဘာလ ၁၉-၂၀ ရက်နေ့များအတွင်း"ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။
ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် - နေ့လည် ၁ နာရီ
=====
ရက်ဝေးရာသီဥတု(အပူချိန်)ကြိုတင်ခန့်မှန်းချက်များအရ -
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် ၁.၅ ºC မှ ၂ ºC အထိ အပူချိန်ပိုနိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းများတွင် ၀.၅ ºC မှ ၁.၅ ºC အထိ အပူချိန် ပိုနေနိုင်ပါတယ်။ ဒါ့ကြောင့် - လာမည့် ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီကာလအတွင်း (ဒီဇင်ဘာလအတွင်း) မြန်မာနိုင်ငံအနှံ့တွင် အများအားဖြင့် ပုံမှန်ထက် အအေးပေါ့နေနိုင်ပါမယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ နှစ်ဆန်းကာလ ၄ လ တာအတွင်းမှာတော့ ၂၀၂၄ နှစ်ဆန်းပိုင်းကာလတုန်းကလို အပူချိန်ပြင်းထန်ခြင်းများမရှိနိုင်တော့ပဲ နှစ်စဉ်ဖြစ်မြဲပုံမှန်အပူချိန်ခန့်သာ ရှိနိုင်မှာဖြစ်ကြောင်း၊ ပြင်းထန်သောအပူချိန်ဖြစ်နိုင်ချေမရှိတာကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ၄ လ တာကာလအတွင်းမှာ ရာသီဥတုအခြေအနေများသည် အပူလွန်ကဲခြင်း/အအေးလွန်ကဲခြင်းစသည့် ထူးခြားသော အခြေအနေများဖြစ်နိုင်ရန်မရှိ၊ ပုံမှန်အတိုင်းသာရှိနေနိုင်ပါကြောင်း ခန့်မှန်းရပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပူပြင်းခြောက်သွေ့သည့်"အယ်လ်နီညို-အစွန်းရောက်ရာသီဥတုဖြစ်စဉ်" ဖြစ်ပေါ်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း အပူချိန်များစံချိန်တင်မြင့်တက်ခြင်း၊ ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ခြင်းတို့ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။
၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလအတွင်းမှာ "အေးမြစိုစွတ်သည့် လာနီညာ-အစွန်းရောက်ရာသီဥတုဖြစ်စဉ်" ဖြစ်နိုင်ချေ ၅၇% အထိသာရှိနေပြီး အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ်သော ပုံမှန်(NEUTRAL)ရာသီဥတုအခြေအနေသာ ဖြစ်နိုင်ကြောင်း နိုင်ငံတကာ ရာသီဥတုကြိုတင်ခန့်မှန်းလေ့လာရေးဌာနကြီးများမှ ထုတ်ပြန်ထားတာတွေလဲ ရှိနေတာကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာတော့ "ဆိုးရွားတဲ့သဘာဝဘေးဖြစ်ပေါ်နိုင်ချေများ" လျော့နည်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းသုံးသပ်၍ တင်ပြလိုက်ရပါကြောင်း။
"မုတ်သုံမြောင်တန်း - Monsoon Trough" သည် ဒေသတစ်ခုကို ဖြတ်သန်းကျော်ဖြတ်နေသောအခါတွင် ထူးခြားသော မိုးလေဝသအခြေအနေများကို ဖြစ်ပေါ်စေပါသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း-
"မုတ်သုံမြောင်တန်း - Monsoon Trough" ပြင်းထန်သောမိုးရွာသွန်းမှုနှင့် ဆက်စပ်နေသည်။ အချိန်ကြာမြင့်စွာ မိုးသည်းထန်နိုင်ပြီး မကြာခဏ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်။
မိုးကြိုးမုန်တိုင်းများ-
"မုတ်သုံမြောင်တန်း - Monsoon Trough" တစ်လျှောက် စိုစွတ်သောလေထု ပေါင်းစုခြင်းသည် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်သည်။ အဆိုပါမုန်တိုင်းများသည် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် တစ်ခါတစ်ရံ မိုးသီးကြွေခြင်းကိုလည်း ဖြစ်ပေါ်စေသည်။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်စေခြင်း - "မုတ်သုံမြောင်တန်း - Monsoon Trough"သည် ဆိုင်ကလုန်းမုန်တိုင်းများ စတင်နိုင်သည့်အားကိုလည်း ဖြစ်ပေါ်စေသည်။ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ရာမှအပူပိုင်းမုန်တိုင်းငယ်နှင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်။
အပူချိန် ပြောင်းလဲမှုများ-
"မုတ်သုံမြောင်တန်း - Monsoon Trough"သည် ဝင်ရိုးစွန်းဘက်သို့ ရွေ့လျားလာသည်နှင့်အမျှ ၎င်းသည် ဖြတ်ကျော်သည့် ဒေသများသို့ ပိုမိုအေးမြပြီး စိုစွတ်သော အခြေအနေများကို သယ်ဆောင်လာနိုင်သည်။
အပြန်အလှန်အားဖြင့် "မုတ်သုံမြောင်တန်း - Monsoon Trough"၏ တောင်ဘက်ဒေသများသည် ပူပြင်းခြောက်သွေ့သော အခြေအနေများကို ကြုံတွေ့ရနိုင်သည်။
ထူးခြားမိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း
"မုတ်သုံမြောင်တန်း - Monsoon Trough" ဖြတ်သန်းလျှက်ရှိသည့် ဧရိယာများမှတဆင့် ရေကြီးခြင်းနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးပျက်စီးခြင်းကဲ့သို့သော ထူးခြားမိုးလေဝသဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည်။
ထိုင်းမိုးလေဝသဌာနမှ မိုးလေဝသ chart တွင် မုတ်သုံမြောင်တန်း(အနီရောင် မျဉ်းပြိုင် ၂ ကြောင်း) ဖြတ်သန်းနေသည့် ဒေသများကို တွေ့ရပါမည်။
မနက် ၆ နာရီခွဲ ECMWF Update မှာတော့ ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁ ရက်နေ့ အတွင်းမှာ - လေဖိအားနည်း၊ မုန်တိုင်းငယ်၊ မုန်တိုင်း အဆင့်ဆင့် ဖြစ်လာပြီး အနောက်ဘက်(အိန္ဒိယကမ်းခြေဘက်)ဆက်လက်ရွေ့လျားနိုင်မယ်ဆိုတာက အတည်ပြုလို့တော့ ရပါပြီ။ ညနေဘက် UPDATE ပြီးမှ post တင်ပေးပါမယ်ဗျ။
မြန်မာနိုင်ငံဘက် သက်ရောက်မှုကတော့ မိုးများနေပြီး ရေကြီးတာတွေ ထပ်ဖြစ်လာနိုင်တာပါဘဲ။
(အိန္ဒိယမိုးလေဝသဋ္ဌာန ထုတ်ပြန်ချက် - ဇူလိုင် ၁၅ ရက် ၁၂ နာရီခွဲ)
====
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်နောက်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခု ဇူလိုင် ၁၅ ရက်နေ့မှာ ဖြစ်ပေါ်လျှက်ရှိကြောင်း၊
နောက်ထပ်လေဖိအားနည်းရပ်ဝန်းသစ်တခုလည်း ဒီပင်လယ်ပြင်တည်နေရာမှာပဲ ဇူလိုင်၁၉ ရက် မှာ ထပ်မံဖြစ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဋ္ဌာနရဲ့ ဇူလိုင် ၁၅ ရက် နေ့လည် ၁၂ နာရီခွဲ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
=====
လက်ရှိအခြေအနေ(ဇူလိုင်လ ၁၀ ရက်)
ဧရာဝတီနဲ့ချင်းတွင်းမြစ်ဖျားမှာ မိုးတွေများပြီးဆိုးဆိုးရွာရွားရေကြီးတာတွေဖြစ်ပြီးတဲ့နောက် - "ရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေဟာ အလွန်ကြောက်စရာကောင်းတယ်" လို့ ပြောခဲ့သလိုဘဲ ..
မြင့်ရာကနိမ့်ရာစီးဆင်းတတ်တဲ့သဘာဝအတိုင်း အထက်မှ အောက်ကို တဖြည်းဖြည်းဆင်းလာလိုက်တာ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေအထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။
မိုးမရွာလို့ ပူနေပေမဲ့ တအိအိမြင့်တက်လာတဲ့ မြစ်ရေက အိမ်တံခါးပေါက်ဝအထိရောက်လာတယ်၊ တချို့လဲ ကိုယ်နေထိုင်ရာအိမ်၊ အရပ်ဒေသကို စွန့်ခွာပြီးဘေးလွတ်ရာ ရွှေ့ပြောင်းကြရတာလဲ တွေ့ရပါတယ်။
ပြည်သူတွေအတွက် ကံကောင်းချင်တော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ပြီးခဲ့ရက်ပိုင်းအတွင်း အထက်အမြင့်လေထုလွှာမှာဖြစ်ခဲ့တဲ့ လေဝဲ(CYCLONIC CIRCULATION)က နိုင်ငံအလယ်ပိုင်းနဲ့ အောက်ပြည်အောက်ရွာကို မိုးတွေသယ်မလာဘူး၊ အထက်ဘက်မှာလဲ မိုးအားနည်းနည်းလျော့သွားပါတယ်။
ဇူလိုင် ၁၃-၁၄ ရက်နောက်ပိုင်း ဆက်ဖြစ်နိုင်လာမဲ့ မိုးလေဝသအခြေအနေ
NOAA, Climate Prediction Center က ထွက်လာတဲ့ ကြိုတင်ခန့်မှန်းချက်အရ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၃ ရက်အတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ပုံမှန်ရွာသွန်းမြဲထက်ပိုမိုရွာသွန်းနိုင်ချေ ၅၀% နှင့်အထက်ရှိကြောင်ဖေါ်ပြထားတာ၊တောင်တရုတ်ပင်လယ်ဘက်မှာ မုန်တိုင်းဖြစ်နိုင်ချေ ၄၀% အထိ ရှိလာတာတွေ တွေ့ရပါတယ်။ ဒီအခြေအနေတွေက မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးများစေပါလိမ့်မယ်။
ECMWF, GFS ကြိုတင်ခန့်မှန်းရေး model တွေမှာ -
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်အတွင်း ဇူလိုင် ၁၆ ရက်နေ့က စ လို့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများအစီအရီဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေ၊
နောက်လာမဲ့ ၅ ရက်အတွင်း နိုင်ငံအနှံ့အပြားမိုးရွာပြီး နိုင်ငံအထက်ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးများနိုင်ကြောင်းခန့်မှန်းချက်တွေတွေ့ရပါတယ်။
အဲ့ဒါအပြင် .. ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အတွင်း ပင်လယ်ဒီရေတက်ရက်လဲ ဖြစ်ကြောင်း၊ ရန်ကုန်မြစ်မှာ ၂၁.၆ ပေအထိ ဒီရေမြင့်တက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေလဲ တွေ့နေရပါတယ်။
ဆက်လက်ရင်ဆိုင်ရနိုင်မည့် သဘာဝဘေးများ သတိပြုရန်
"မြစ်ရေတွေအောက်ဘက်ဆင်းလာချိန်၊ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတွေ အစီအရီဖြစ်လာနိုင်ချိန်နဲ့ ဒီရေတက်ချိန်တွေက တိုက်ဆိုင်သွားနိုင်ပြီး" ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများတလျှောက် ရေနဲ့ပတ်သက်ဆက်စပ်တဲ့ သဘာဝဘေးတွေဖြစ်လာနိုင်တာကို ကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရတာကြောင့် သတိရှိကြစေရန် အသိပေးတင်ပြလိုက်ပါတယ်။
ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း ဩရိဿကမ်းလွန်ပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ကြောင်း၊ ECMWF, GFE, GEFS နှင့် ECMWF-AIFS model များ၏ ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။
ဤအခြေအနေကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် မိုးဆက်လက်များနေနိုင်ပါမည်။
=======
ဇွန်လ ၂၇ ရက်နေ့ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသည့်ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း - ECMWF-AIFS, GFS, GEFS, ICON, NAVGEM မော်ဒယ်များ၏ ကြိုတင်ခန့်မှန်းမှန်းချက်များမှာ တွေ့လာရပါတယ်။
ဒီနေ့နံနက်ပိုင်းမှာရရှိတဲ့ သင်္ချာပုံစံပြုမော်ဒယ်များရဲ့ ကြိုတင်ခန့်မှန်းချက်များထပ်တူကျလာတာကြောင့် နောက်လာမဲ့ ၄ ရက်မှ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု စတင်ဖြစ်ပေါ်နိုင်ကြောင်း၊ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံမှာတော့ အနောက်တောင်မုတ်သုံလေအား ပိုမိုးကောင်းလာနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းဖြစ်လာတဲ့အခါ အလယ်ပိုင်းဒေသများအထိ မိုးရွာသွန်းမှုပိုမိုလာနိုင်မယ်လို့ ဦးစွာခန့်မှန်းနိုင်ပါတယ်။
လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီးတဲ့နောက် မိုးလေဝသဖြစ်နိုင်ချေများကို ထပ်မံခန့်မှန်းတင်ပြပေးပါဦးမယ်။
=====
ECMWF-AIFS, ECMWF, GFS, GEFS ကွန်ပျူတာမော်ဒယ်တွေရဲ့ ကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ ဇွန်လ ၂၇-၂၈ ရက်နေ့များအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ကြောင်းခန့်မှန်းချက်က ဆက်လက်တည်ရှိနေပါတယ်။
GFS model ကြိုတင်ခန့်မှန်းချက်ကလွဲရင် ကျန်တဲ့သင်္ချာပုံစံပြုမော်ဒယ်တွေက ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာပဲ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပြီး GFS ကတော့ မုန်တိုင်းငယ်အဖြစ် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်(REMAL ဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ပြည်နယ်)ပေါ်ကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဇူလိုင်လဆန်း ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။
အခုကြိုတင်ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဇွန်လ ၂၇-၂၈ ရက်မှ ဇူလိုင်လဆန်းအထိကာလအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း သုံးနိုင်ပါတယ်။
လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တဲ့ ဇွန်လ ၂၇ ရက်မှ ဇူလိုင်လဆန်းပိုင်းကာလအတွင်း မိုးလိုအပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မုတ်သုံမိုးများရွာသွန်းရရှိနိုင်ကြောင်း MMWeather Knowledge Website မှာ တင်ပေးထားတဲ့ ပြည်နယ်တိုင်းမြို့များရဲ့ ၄ ရက်အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက်များမှာလဲ တွေ့နေရပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။
ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲ
====
🔸 ယမန်နေ့က တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဤအခြေအနေနှင့်ဆက်စပ်၍ ဇွန်လ ၂၆-၂၇ ရက်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်းနဲ့ "မြန်မာနိုင်ငံမှာဖြစ်ပေါ်နိုင်မည့် မိုးလေဝသအခြေအနေများ" ဆိုပြီးတင်ပေးခဲ့ပြီးပါပြီ၊ မဖတ်လိုက်ရသူများ အောက်ပါ link မှာ ပြန်ဖတ်နိုင်ပါတယ်။
https://www.facebook.com/uwinnaing/posts/pfbid02zZGqthbNNJUWhNpWLFP9RjKkfjDBTTySmEc2HqRWshbS4cHJ38sMx1cXGwiPzvVjl
🔸 ဒီနေ့ post မှာတော့ အိန္ဒိယမိုးလေဝသဌာနနဲ့ ဂျပန်မိုးလေဝသဌာနတို့ကလည်း ရယူခန့်မှန်းနေတဲ့ Meteoblue ရဲ့ NEMS model အုပ်စုမှ ခန့်မှန်းပုံဖေါ်ထားသော တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ချေအဆင့်ဆင့်ကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ် -
"ဖြစ်နိုင်ချေအဆင့်ဆင့်"
♦️ ဇွန်လ ၂၂ ရက်၊ ညနေ ၃ နာရီ - တောင်တရုတ်ပင်လယ် ဗီယက်နမ်ကမ်းရိုးတန်းအရှေ့ဘက်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နိုင်မည်
♦️ ဇွန်လ ၂၃ ရက်၊ ညနေ ၃ နာရီ - လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သိုရွေ့လျှားပြီး ဟိုင်နန်ကျွန်းကိုဖြတ်ကျော်နိုင်မည်
♦️ ဇွန်လ ၂၅ ရက် ည ၇ နာရီ - ဗီယက်နမ်နိုင်ငံအရှေ့မြောက်ဘက်၊ တုံကင်ပင်လယ်သို့ မုန်တိုင်းငယ်/မုန်တိုင်းအဖြစ် ဝင်ရောက်လာပြီး ဗီယက်နမ်ကမ်းခြေမြောက်ပိုင်းသို ဦးတည်ရွေ့လျားမည်
♦️ ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီ - မုန်တိုင်း ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့လာချိန်တွင်၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတခု စတင်ဖြစ်ပေါ်နိုင်မည်
♦️ ဇွန်လ ၂၆ ရက် ည ၉ နာရီ - ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်မည်
ဇွန်လ ၁၆ ရက် - နံနက် ၁၀ နာရီ
=====
📍 "လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အခြေအနေ"
ECMWF-AIFS, GFS နှင့် GEFS သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး မော်ဒယ်များရဲ့ ရက်ဝေးခန့်မှန်းချက်များအရ -
🔸 ဇွန်လ လကုန်ပိုင်း(ခန့်မှန်း ဇွန် ၂၇ ရက် - ဇွန် ၂၈ ရက်ဝန်းကျင်)တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်အနောက်မြောက်ပိုင်းပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်းသည် သိသာထင်ရှားသော WELL-MARKED LPA အဆင့်အထိရောက်လာနိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်နိုင်မည့်အခြေအနေတော့ မရှိကြောင်းတွေ့ရပါတယ်။
📍 "မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ"
🔸 လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့်အခြေအနေမဖြစ်ပေါ်မီကပင် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေသည် အားအသင်အတင့်မှ အားကောင်းနေပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း - မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ မွန်းလွဲ-ညနေပိုင်းအချိန်များတွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးတဲ့အခြေအနေများဖြစ်ပေါ်နေပါတယ်။
🔸 နောက်လာမဲ့ ၁၀ ရက်အလွန် ဇွန်လ ၂၇/၂၈ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာရင်တော့ မိုးအားလျော့နည်းနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွေမှာပါ မိုးရွာသွန်းမှုအခြေအနေမြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။
🔸 ရက်ဝေးကြိုတင်ခန့်မှန်းချက်ဖြစ်တာကြောင့် မြန်မာနိုင်ငံဒေသအသီးသီးမှာဖြစ်နိုင်တဲ့ မိုးရွာသွန်းနိုင်ချေနဲ့ လေပြင်းတိုက်ခတ်နိုင်မည့်အသေးစိတ်အခြေအနေခန့်မှန်းချက်များကို ရက်နီးတဲ့အခါ(ရက်သတ္တပတ် ၁ ပတ်အလိုခန့်မှာ)ထပ်မံအသိပေးတင်ပြေသွားပါမယ်။
မေလ ၂၄ ရက် နံနက် ၁၀ နာရီ
==========
🔸 NRL မှ ရရှိသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း တည်နေရာ၊ TROPICAL CYCLONE PREDICTION AND VERIFICATION CANTER - COAMPS မှ ရရှိသည့် မုန်တိုင်းလမ်းကြောင်းနှင့် မေလ ၂၆ ရက် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း REMAL ဖြစ်လာသည့်အခါ မြင်တွေ့ရနိုင်သည့် မုန်တိုင်း ဖြတ်ပိုင်းပုံမှ မုန်တိုင်းမျက်စေ့ ဖြစ်နိုင်ချေတို့ကို တွေ့ရပါမည်။
🔸 လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းဆို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ယနေ့ မေလ ၂၄ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION)အဖြစ်သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။
🔸 မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိချိန်တွင် ပုသိမ်မြို့အနောက်ဘက် ၃၁၈ မိုင်ခန့်အကွာပင်လယ်ပြင်သို့ ဗဟိုပြုရောက်ရှိနိုင်ပြီး မုန်တိုင်းဗဟိုလေတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော်အထိ ရှိကာ၊ မုန်တိုင်းဗဟိုအနီး၌ လှိုင်းအမြင့် ၁၃ ပေအထိ ရှိလာနိုင်ပါမည်။
🔸 မုန်တိုင်းရွေ့လျားရာလမ်းကြောင်းညာဘက်ခြမ်းရှိ မြန်မာနိုင်ငံတွင် မေလ ၂၄ ရက်မှ မုန်တိုင်းကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးစီးချိန်၊ မေလ ၂၇ ရက် နံနက်ပိုင်းအထိ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ကမ်းရိုးတန်းဒေသများ၌ လေပြင်းတနာရီ မိုင် ၂၀ မှ ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။
🔸 ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များနှင့် အပန်းဖြေကမ်းခြေများတွင် လေပြင်းတနာရီ မိုင် ၃၀ အထက် တိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ကာ၊ လှိုင်းအမြင့် ၇ ပေ မှ ၁၀ ပေခန့်အထိ ရှိလာနိုင်ပါသည်။
မေလ ၂၁ ရက် မွန်းလွဲ ၁၂၃၀ နာရီ
======
မေလ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ထုတ်ပြန်သော ထိုင်းမိုးလေဝသဌာန(TMD)၏ Weather Chart အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရပါသည်။
ရွေ့လျားနိုင်သည့်အခြေအနေ
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းပင်လယ်ပြင်တွင် မေလ ၂၂ ရက် ည အထိ ဆက်လက်ရွေ့လျားနေမည်ဖြစ်ပြီး၊ မေလ ၂၃ ရက် ညပိုင်းတွင် ဘင်္ဂလားပင်လယအော်အရှေ့အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိကာ၊ မေလ ၂၄ ရက် ညပိုင်းတွင် ပုသိမ်မြို့အနောက်ဘက် ၂၃၅ မိုင်ခန့်သို့လည်းကောင်း၊ မေလ ၂၅ ရက် ည ၈ နာရီခန့်တွင် စစ်တွေမြို့အနောက်ဘက် ၁၃၂ မိုင်ခန့်သို့လည်းကောင်းရောက်ရှိလာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ
ECMWF AIFS Weather Chart မှ ရရှိသည့်ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၄ ရက်နှင့် မေလ ၂၅ ရက်နေ့များတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသိုဝင်ရောက်လာချိန်၌ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ချေ ၁၀၀% ဖြစ်လာကြောင်းတွေ့ရှိရပါသည်။
ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်မည့်အခြေအနေ
ယနေ့ရရှိသည့် အသေးစိတ်အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပြီး မေလ ၂၆ ရက် ညနေပိုင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအား Kalapara မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။
မုန်တိုင်းမြန်မာနိုင်ငံဘက်သို့ဝင်ရောက်နိုင်ဘွယ်မရှိ
လက်ရှိခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးသည့်တိုင် မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်းတွေ့ရပါသည်။ သို့ရာတွင် -မြန်မာနိုင်ငံသည် မုန်တိုင်းဖြတ်သန်းရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းတွင်တည်ရှိနေသောကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုပိုမိုနိုင်ပြီး ကမ်းရိုးတန်းဒေသများနှင့် ကုန်းတွင်းပိုင်းဒေသအများစုတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းများကို မေလ ၂၃ ရက်နေ့မှ မုန်တိုင်းကုန်းတွင်းဝင်ချိန်(မေလ ၂၆ ရက် ညပိုင်းအထိ)ခံစားရဘွယ်ရှိကြောင်း တွေ့ရပါသည်။
မိုးလေဝသဌာနကြီးများမှ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကြောင်း ယနေ့ မေလ ၂၁ ရက်နေ့တွင် စတင်ကြေညာနိုင်ပြီး စတင်ကြေညာချက်ထွက်ပေါ်လာသည့်အခါ ထပ်မံရရှိသည့်အချက်အလက်များဖြင့် မုန်တိုင်းရွေ့လျားရာလမ်းကြောင်း၊ မုန်တိုင်းအရွယ်အစားနှင့်အင်အား၊ မြန်မာနိုင်ငံအပေါ်မုန်တိုင်းအရှိန်သက်ရောက်နိုင်မည့်အခြေအနေတို့ကို ဆက်လက်တင်ပြပေးသွားပါမည်။
(မေလ ၂၀ ရက် - မွန်းလွဲ ၂ နာရီ ၂၅ မိနစ်)
======
ဘင်္ဂလားပင်လယ်အော်မှာ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်ပြီး နောက်လာမဲ့ ၇၂ နာရီမှ ၉၆ နာရီအတွင်း(နောက် ၃ ရက်မှ ၄ ရက်အတွင်း)ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ HIGH အဆင့်ရှိကြောင်း မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အိန္ဒိယမိုးလေဝသဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ပုံ(၁)
ECMWF(European Centre for Medium-Range Weather Forecasts)က သူတို့ရဲ့ စူပါကွန်ပျူတာတွေက သင်္ချာပုံစံခန့်မှန်းရေး model များကို စုစည်းပြီး ECMWF 4D-Var analysis နည်းနဲ့ ခန့်မှန်းချက်များကိုနှိုင်းယှဉ်ပြီး တိကျမှန်ကန်မှုအရှိဆုံးသော အဖြေထွက်ပေါ်စေရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။
AI နည်းပညာနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း အခုဖြစ်လာရန် တာစူနေတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း/ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဆင့်ဖြစ်ပေါ်ရွေ့လျားမှုအခြေအနေ ခန့်မှန်းချက်ကို စောင့်ကြည့်သင်ယူလျှက်ရှိပါတယ်။
ပုံ(၂) ပုံ(၃)
လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အချိန်မှာ အခြားသော မုန်တိုင်းစောင့်ကြည့်လေ့လာရေးဌာနကြီးများ(JTWC, CIMSS, GDACS)တို့မှလည်း မုန်တိုင်းရဲ့ ပြင်းအား၊ အရွယ်အစားနဲ့ လမ်းကြောင်းခန့်မှန်းချက်တွေ ထွက်ပေါ်လာမှာဖြစ်တာကို စောင့်ကြည့်ပြီး အတည်ပြုတင်ပြပေးသွားပါမယ်။
မေလ ၂၄ ရက် နံနက်အစောပိုင်းမှ စတင်၍ -
မုန်တိုင်းအရွယ်အစား အချင်း ၄၁၈ မိုင်အထိရှိလာနိုင်သည်
၃ နာရီအတွင်း ရွာသွန်းသောမိုးရေချိန် ၁၁ မီလီမီတာအထိ ရှိလာနိုင်သည်
မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း 25mph အထိ ရှိလာနိုင်သည်
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် လေတိုက်နှုန်း 30mph အထိ ရှိလာနိုင်သည်
ကမ်းနီးပင်လယ်ပြင်များတွင် လှိုင်းအမြင့် ၈ ပေခန့်အထိ ရှိလာနိုင်သည်
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ စသည့် ပြည်နယ်တိုင်းများတွင် မေ ၂၄ ရက်နေ့ မိုးများ-မိုးအလွန်များ အချိန်ကြာကြာမိုးသည်းထန်နိုင်ပါမည်။
ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဒေသအချို့လည်းပါဝင်နိုင်ပါသည်။
(လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာချိန်တွင် ထပ်မံတင်ပြပေးပါမည်)
(ECMWF- IFS/AIFS, NOAA-GFS05, METEOBLUE NEMS-GLOBAL models UPDATE 19 MAY 1000)
====
⚠️ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာကျွန်းနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းအစွန်မှာဖြစ်နေတဲ့ မြေပြင်အထက်အမြင့် ၄.၂ ကီလိမီတာမှ အစပျိုးလေဖိအားနည်ရပ်ဝန်း(CYCLONIC CIRCULATION)ဟာ အရှေ့ဘက်ကိုဖြည်းညှင်းစွာရွေ့လျားလျှက်ရှိပြီး မေလ ၂၀ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိလာနိုင်ပါမယ်။
⚠️ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့်ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအထိ အရှေ့-အရှေ့မြောက်ဘက်သို့ မေလ ၂၄ ရက် ညပိုင်းအထိ ဆက်လက်ရွေ့လျားပြီး၊ မေလ ၂၄ ရက် နံနက်ပိုင်းမှာ မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အဲ့ဒီအချိန်မှာ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
⚠️ မေလ ၂၅ ရက်နေ့ နံနက်အစောပိုင်း(မြန်မာစံတော်ချိန် ၄ နာရီခန့်)မှာ အနောက်မြောက်ဘက်ကို ချိုးကွေ့ပြီး မေလ ၂၆ ရက် နံနက်အစောပိုင်းမှာ ဩရိဿပြည်နယ်နဲ့ အန်ဒရာပရာဒက်ပြည်နယ်နယ်စပ်အနီး အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာရင်တော့ အိုမန်နိုင်ငံကပေးထားတဲ့ အလှည့်ကျနာမည် REMAL(အသံထွက် - Re-Mal ရီ-မယ်)ဆိုတဲ့ အမည်ရလာပါလိမ့်မယ်။
🌧️💨 မုန်တိုင်း ဘင်္ဂလားပင်လယ်အတွင်း အရှေ့မြောက်ဘက်သို့ရွေ့လျားစဉ်၊ မြောက်-အနောက်မြောက်ဘက်သို့ချိုးကွေ့ပြီး အိန္ဒိယနိုင်ငံကမ်းခြေသို့ဦးတည်ကာ ကုန်းတွင်းဝင်ရောက်စဉ်အချိန်တွေမှာ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းအရှိန်သက်ရောက်မှုများကြောင့် ကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများဖြစ်ပေါ်နိုင်မဲ့အပြင် တနိုင်ငံလုံးနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
⚠️ မုန်တိုင်းငယ် > မုန်တိုင်း > ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ချိန်အထိ စောင့်ကြည့်ပြီး မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများကို အဲ့ဒီအချိန်မှာ ဆက်လက်တင်ပြပေးသွားပါမယ်။
REFERENCES:
ECMWF AIFS, အိန္ဒိယမိုးလေဝသဌာန IMD, GFS model ပေါင်းချုပ် - GEFS နှင့် Eldorado MAX Temperature record site
မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲ
=======
အိန္ဒိယမိုးလေဝသဌာန IMD မှ အစပျိုးလေပွေလှိုင်းအခြေအနေထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်ကမ်းရိုးတန်းနှင့် သီရိလင်္ကာနိုင်ငံတောင်ပိုင်း၊ အမြင့် ၄.၅ ကီလိုမီတာ(ပေ ၁၄,၈၀၀ ခန့်)တွင် လေဖိအားနည်းရပ်ဝန်းအစပျိုးသည့် လေပွေလှိုင်းတခု CC ဖြစ်ပေါ်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ချက်သည် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ထုတ်ပြန်ချက်အရ နောက်လာမည့် ၁၆၈ နာရီ၊ ၇ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်နိုင်ချေ မရှိသေးကြောင်းလည်းတွေ့ရပါသည်။
သင်္ချာပုံစံပြု model များ၏ခန့်မှန်းချက်
ECMWF AIFS model နှင့် GFS model ပေါင်းချုပ်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မေလ ၂၂ ရက်နေ့မှ စတင်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှားနိုင်ကြောင်း၊ မေလ ၂၄ ရက်နှင့် မေလ ၂၅ ရက်တို့တွင် အားအကောင်းဆုံးအခြေအနေ(ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်/မဖြစ်နိုင်စိစစ်ဆဲ)သို့ရောက်ရှိပြီး အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်မည့်အချိန်(မေလ ၂၂ ရက် မှ မေလ ၂၅-၂၆ ရက်ကာလအတွင်း) မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ပြီး မေလ လကုန်ပိုင်းနှင့် ဇွန်လ လဆန်းပိုင်းတွင် တနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီး နေရာအနှံ့အပြား မုတ်သုံမိုးများ စတင်ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များ၌ တွေ့ရပါသည်။
လတ်တလောရင်ဆိုင်နေရသည့် အပူချိန်မြင့်တက်မှုအခြေအနေ
လက်ရှိမိုးလေဝသအခြေအနေများအရ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာ ချောက်မြို့က အဆင့် ၂၊ မကွေးမြို့က အဆင့် ၉ အဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ပိုမိုအားကောင်းလာပြီးနောက် အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်ကာ မုတ်သုံမိုးများ စတင်ရွာသွန်းချိန်(ခန့်မှန်း မေလ ၂၂-၂၃-၂၄ )ရက်တို့တွင် အပူချိန်များစတင်လျော့ကျနိုင်ကြောင်း ခန့်မှန်းရပါသည်။ https://www.eldoradoweather.com/.../world-temp-rainfall...
သတိပြုရန်
ကုန်းတွင်းမြေမျက်နှာပြင်အပူချိန်များ မြင့်တက်လျှက်ရှိပြီး ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာမည့် မုန်တိုင်းအရှိန်သက်ရောက်မှုနှင့် မုတ်သုံစတင်ဝင်ချိန်တွင် တွေ့ကြုံရတတ်သော မိုးဦးလေဦးကာလအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးများကို အသိ/သတိရှိရှိဖြင့်ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြရမည်ဖြစ်ပါသည်။
မေလ ၂၄ ရက်အတွက် ကြိုတင်ခန့်မှန်း
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံတောင်ပိုင်း၊ အမြင့် ၄.၅ ကီလိုမီတာ(ပေ ၁၄,၈၀၀ ခန့်)တွင် လေဖိအားနည်းရပ်ဝန်းအစပျိုးသည့် လေပွေလှိုင်းတခုဖြစ်ပေါ်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ မေလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲတွင် ထုတ်ပြန်ထားပြီး အဆိုပါ အစပျိုးလေပွေလှိုင်းတွင် စုဖွဲ့ဖြစ်ပေါ်လျှက်ရှိသည့် တိမ်ထု၏ တိမ်ထိပ်အပူချိန် အနှုတ် ၉၃°C ရှိကြောင်းလည်း ဖေါ်ပြထားပါသည်။
ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။
(မေလ ၁၅ ရက် ညနေ ၅ နာရီ ၂၅ မိနစ်)
(မေလ ၁၄ ရက် ညနေ ၃ နာရီခွဲ)
============
မေလ ၁၄ ရက် နံနက် ၆ နာရီခွဲအချိန်မှာ ECMWF AIFS ခန့်မှန်းချက်၊ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ ကြိုတင်ခန့်မှန်းခန့်မှန်းချက်များရရှိတဲ့ အခြေအနေများအရ -
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းခြေအနီးမှာ မေလ ၂၆ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိလာကြောင်း၊
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ကြောင်း၊
မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး မေလ ၂၅-၂၆ ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက် အန်ဒရာပရာဒက်ရှ်ကမ်းလွန်ပင်လယ်ပြင်၌ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း 40m/s = တနာရီ ၈၉.၅ မိုင်နှုန်း)ဖြစ်လာနိုင်ကြောင်း နှင့်
METEOBLUE ရဲ့ ECMWF AIFS Model ခန့်မှန်းချက်မှာလဲ အလားတူကြိုတင်ခန့်မှန်းချက်များတွေ့နေရပါတယ်။
ဒီအခြေအနေများကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်း-ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေသည် 50% အထိ သေချာမှုရှိလာပြီး၊ မုန်တိုင်းဖြစ်လာတဲ့အခါ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည့်အခြေအနေမတွေ့ရသော်လည်း "မုန်တိုင်းညာဘက်ခြမ်းမှ မြန်မာနိုင်ငံဒေသများသို့ မုန်တိုင်းအရှိန်သက်ရောက်မှုရှိလာနိုင်မည်"ဖြစ်တာကြောင့် -
⚠️ ပထမဦးစွာ ပင်လယ်ပြင်မှ ရေလုပ်သားများအနေဖြင့် လာမည့် ၇ ရက်လွန်လျှင် ပင်လယ်ပြင်မှာ လှိုင်းလေကြမ်းတမ်းလာနိုင်သည့်အခြေအနေကြောင့် ဘေးလွတ်ရာစတင်ရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်မည့် ကြိုတင်ခန့်မှန်းရက် ၇ ရက်မှ ၁၀ ရက်ခန့်အထိ လိုသေးတာကြောင့် ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါဦးမယ်။
မေလ ၁၆ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာကျွန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ကြောင်း ECMWF, GFS နဲ့ GEFS model များရဲ့ ကြိုတင်ခန့်မှန်းအချက်အလက်တွေမှာတွေ့ရပါတယ်။
မိုးဦးရာသီအစ မေလ ၁၆ ရက်မှ ဇွန်လ ၃၀ ရက် ကာလအတွင်း ပထမဦးဆုံး စတင်တွေ့ရတဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ထပ်တူကျတဲ့ ကြိုတင်ခန့်မှန်းချက်လဲ ဖြစ်ပါတယ်။
GEFS မှ ဆက်လက်ခန့်မှန်းထားတဲ့အချက်အလက်တွေအရ မေလ ၁၈ ရက်အထိ အိန္ဒိယအရှေ့ဘက်ကမ်းခြေအနီးမှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေနိုင်ပြီး၊ မေလ ၁၉ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်းအားကောင်းလာတဲ့ အနောက်လေကြောင့် လေဖိအားနည်ရပ်ဝန်းပျက်ပြယ်သွားတာတွေ့ရပါတယ်။
ဒီဖြစ်စဉ်က မေလ ၁၉ ရက်နောက်ပိုင်း အနောက်တောင်မုတ်သုံလေကိုဆွဲသွင်းနိုင်တဲ့ အခြေအနေကိုဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မုတ်သုံဝင်ရောက်စေဘို့ အထောက်အကူဖြစ်စေမယ်လို့ ခန့်မှန်းသုံးသပ်နိုင်ပါတယ်။
မေလ ၁၉-၂၀ ရက်နောက်ပိုင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို မုတ်သုံဝင်နိုင်မယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ရဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်မှုက ပုံမှန်အတိုင်းဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းရပါကြောင်း။
မေလ လဆန်း ၁ ရက် ၂ ရက်နေ့များတွင် ITCZ အတွင်းတိုက်ခတ်နေသည့်လေစီးကြောင်းများ၏ လားရာပြောင်းစပြုလာသည်။ အယ်လ်နီညို ပျက်ပြယ်ပြီး neutral ဖြစ်ပြီးသည့်နောက် အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှတဆင့်တိုက်ခတ်သည့် ကုန်သည်လေစီးကြောင်းပြန်လည်အားကောင်းလာသည်။ ကမ္ဘာ့တောင်ဘက်ခြမ်း အိန္ဒိယသမုဒ္ဒရာတွင်မူ ကမ္ဘာ့တောင်ဘက်ခြမ်းမုန်တိုင်းရာသီ၏လက်ကျန်မုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နေပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှ ၂၀၂၃-၂၀၂၄ ခုနှစ်မုန်တိုင်းရာသီ၏ ၂၃ လုံးမြောက် INVEST-23 က အားကောင်းသောလေဖိအားနည်းရပ်ဝန်း Tropical Depression(TD-23S)ဖြစ်လာသည်။ TD-23S သည် အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းမုတ်သုံရာသီအတွက် မုတ်သုံလေကို စတင်ခေါ်သွင်းပေးနိုင်မည့် အစပျိုး system တခုဖြစ်လာနိုင်သည်။
TD-23S အရှိန်ကြောင့်ဖြစ်ပေါ်လာသည့် လက်ယာရစ်လေစီးကြောင်းက ပါရှန်ပင်လယ်ကွေ့၊ ယီမင်နှင့်အိုမန်နိုင်ငံ ကမ်းခြေမှတဆင့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံအနောက်ဘက် အာရေဗျပင်လယ်အတွင်း အနောက်လေကို အားကောင်းလာစေသည်။ အာရေဗျပင်လယ်မြောက်ပိုင်းအထိ အနောက်-အနောက်တောင်ဘက်မှ ရစ်၍တိုက်ခတ်သည့်လေစီးကြောင်းသည် အိန္ဒိယအနောက်ဘက်ကမ်းခြေတလျှောက်တွင် မြေပြင်အနေအထားအရမြောက်မှ အရှေ့တောင်သို့ ဆက်လက်တိုက်ခတ်ပြီး သီရိလင်္ကာတောင်ဘက်အရောက်တွင် -
အီကွေတာအနီးမှအရှေ့ဘက်သို့လည်းကောင်း၊ အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းတလျောက် အရှေ့မြောက်ဘက်သို့လည်းကောင်းဆက်လက်တိုက်ခတ်သည်။ အီကွေတာအနီး သီရိလင်္ကာကျွန်းတောင်ဘက်မှ အနောက်ဘက်သို့တိုက်သည့်လေစီးကြောင်းက အရှေ့ဘက်မှလာသည့် ကုန်သည်လေစီးကြောင်းနှင့်ထိတွေ့သည့်အခါ အထက်ပင့်လေစီးကြောင်းများဖြစ်ပေါ်ပြီးတိမ်ထူထပ်ကာ လေဝဲများလည်းဖြစ်ပေါ်လာသည်။ (ပုံ)
ထူထပ်သောတိမ်တိုက်များသည် မေလ ၁၀ ရက်နေ့တွင် ကပ္ပလီပင်လယ်တောင်ပိုင်းအထိ ဆက်လက်ဝင်ရောက်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရ၏။ (ပုံ)
ကမ်းရိုးတန်းတလျှောက်အရှေ့မြောက်ဘက်သို့တိုက်သည့် လေစီးကြောင်းသည်ကား အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြန်မာနိုင်ငံတို့ဘက်သို့ အားပြင်းပြင်းဖြင့် ဆက်လက်တိုက်ခတ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့်၊ အလယ်ပိုင်းဒေသများသို့ ရေခိုးရေငွေ့ကြွယ်ဝသည့် မိုးတိမ်တောင်များကို သယ်ဆောင်လာသည်။
ဤအခြေအနေက မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ မိုးကိုသယ်ဆောင်လာနိုင်သောကြောင့် Facebook နှင့် Telegram Channel တို့တွင်ဤသို့အကျဉ်းချုံး၍ရေးသားတင်ပြခဲ့၏ -
မေလ ၁ ရက် တွင်တွေ့ရသည့် လေဖိအားနည်းရပ်ဝန်း TD-23S
မေလ ၁၀ ရက် တွင်ဖြစ်ပေါ်နိုင်မည့် လေစီးကြောင်းများအခြေအနေ
FACEBOOK တွင် အကျဉ်းချုံးရှင်းပြခဲ့သည့် post မှ
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မိုးရွာသွန်းမည့်အခြေအနေပြမြေပုံ
လေစီးကြောင်းတွေရဲ့ တိုက်ခတ်နေတဲ့ အခြေအနေကြောင့်ပါဘဲ။ ပုံမှာ မုတ်သုံလေဦးမျဉ်း(ခန့်မှန်း အပြာရောင်မျဉ်းပြတ်)နဲ့ လေတိုက်နေတဲ့ လားရာတွေ တွေ့ရပါမယ်။ လေတိုက်နှုန်းတွေက ပျမ်းမျှ တနာရီ ၁၅ မိုင်ခန့် ရှိပါတယ်။ အဲ့ဒီလေစီးကြောင်းတွေနဲ့ ပါလာတဲ့ ရေခိုးရေငွေ့တွေ တိမ်တိုက်တွေက အိန္ဒိယအရှေ့ဘက်ကမ်းရီုးတန်းတလျှောက်မှ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုသာလျှင်ရောက်ရှိလာပြီး မြန်မာနိုင်ငံအောက်ပိုင်းကိုကျတော့ အဝင်နည်းပါတယ်။
ဒီအကြောင်းကြောင့်ဘဲ မေလ ၂၀ ရက်လောက်အထိ မိုးရွာနိုင်မဲ့အခြေအနေက ပြီးခဲ့တဲ့ post မှာပါတဲ့ အထက်ပိုင်းဒေသတွေမှာပဲ ရွာနိုင်မှာဖြစ်ပြီး အောက်ပြည်အောက်ရွာမှာ မိုးရွာရင်တောင် ပါးပါးလေးသာရွာနိုင်ပါမယ်။
ခန့်မှန်းမုတ်သုံလေဦးမျဉ်း အထက်ကို ဆက်တက်လာပြီး အနောက်တောင်မုတ်သုံလေတိုက်လာချိန်မှာတောင် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲထက်လျော့နည်းနေဦးမယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေကလဲ ရှိနေပါတယ်။
တနိုင်ငံလုံးအတွက်ဆိုရင်တော့ မိုးဦးမိုးလယ် မိုးအားနည်းနေနိုင်ပြီး မိုးနှောင်းကာလမှာသာ မိုးများ၊ မိုးကောင်းနိုင်မယ်လို့ဘဲ ဆက်ပြီး ခန့်မှန်းရပါဦးမယ်။
ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမည့် စနေ+တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ နေ့အပူချိန်များ ထပ်မံတိုးလာနိုင်ပါသည်။ (BASED ON 22nd APR 1230 METEOBLUE ICON MODEL RESULTS)
ဧပြီ ၂၁ ရက်မှာ အပူလှိုင်းကြိုတင်သတိပေးချက်ကို အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ အလားတူအပူချိန်က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဒေသတချို့မှာလဲ တွေ့နေရပါတယ်။
သတိပေးချက်ထုတ်ပြန်သည်ဖြစ်စေ မထုတ်ပြန်သည်ဖြစ်စေ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသတွေမှာတော့ မြင့်မားလာနိုင်မဲ့အပူဒဏ်ကိုသတိထားကြရမှာပါ။
IMD Facebook link to refer: https://www.facebook.com/India.Meteorological.Department/posts/pfbid0Vr8J8s9vvCDnphHLQzhQwUhfKjzUKcvcdYvAwoVh2MR9woDUARDr9ZA9S1dFyYGl
အိန္ဒိယ တောင်ဘက်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းရယ် အာဆီယံနိုင်ငံတွေရယ် အပူချိန်နောက် ၇ ရက် ဆက်လက်မြင့်တက်နေပါဦးမယ်။
Android အတွက် MMWeather Application ကို download and Install လုပ်ပြီး သတိပေး message များရယူပါ။
MMWeather APK download and install on your android phone to get alert messages