ENSO ဖြစ်ပေါ်ပြောင်းလဲမှုများ၊ El Niño လက်ရှိအခြေအနေနှင့် မြန်မာနိုင်ငံနှင့်အနီးဝန်းကျင် အရှေ့တောင်အာရှဒေသတွင်းသို့ သက်ရောက်နိုင်ခြေများ
ENSO Alert System Status - El Niño Advisory (အယ်လ်နီညို သတိပေးချက်) ထုတ်ပြန်ထားပါသည်။
📌 ပင်လယ်ရေမျက်နှာပြင် အပူချိန် (SST) - ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် အလယ်ပိုင်း အီကွေတာဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များသည် ပုံမှန်ထက် ပိုမိုမြင့်တက်နေပါသည်။
📌 လေထုလည်ပတ်မှု အခြေအနေ (Atmospheric Circulation) - အီကွေတာ ပစိဖိတ်သမုဒ္ဒရာအထက် လေထုလည်ပတ်မှု ပုံမမှန်မှုများသည် အယ်လ်နီညို (El Niño) အခြေအနေနှင့် ကိုက်ညီနေပါသည် Active El Niño ဖြစ်ပေါ်နေပါသည်။
📌 ခန့်မှန်းချက် - အယ်လ်နီညိုသည် ယခုနှစ်ကုန်အထိ ဆက်လက် အားကောင်းလာမည်ဖြစ်ပြီး၊ ၂၀၂၇ ခုနှစ် နွေဦးရာသီအစအထိ ဆက်လက်တည်ရှိနေရန် ၉၇% အလားအလာ (97% chance) ရှိပါသည်။
📌 ပစိဖိတ် အယ်နီညိုဖြစ်ပေါ်နေသောဒေသများအလိုက် SST အပူချိန် ကွာခြားချက်များ (Niño Regions) -
· Niño 4: +၀.၄°C
· Niño 3.4: +၁.၄°C
· Niño 3: +၁.၆°C
· Niño 1+2 (အမေရိကတိုက်အရှေ့ဘက်ကမ်းလွန်): +၂.၈°C (အပူချိန်ထူးကဲစွာမြင့်တက်နေသည်)
📌 Relative Oceanic Niño Index (RONI) - ၂၀၂၆ ခုနှစ်၊ ဧပြီ-ဇွန်လအတွင်း RONI တန်ဖိုးမှာ +၀.၅°C သို့ ရောက်ရှိခဲ့ပြီး အယ်လ်နီညို သတ်မှတ်ချက်အတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။
📌 သမုဒ္ဒရာအောက်ပိုင်း အပူချိန် (Subsurface Temperature) - မေလမှ ဇူလိုင်လအတွင်း ပစိဖိတ်သမုဒ္ဒရာ အီကွေတာဒေသ အနက် (၀ မှ မီတာ ၃၀၀) အတွင်း ပူနွေးသော ရေထုထုထည် (Downwelling Kelvin Waves) များ အရှေ့ဘက်သို့ ဆက်တိုက် ရွေ့လျားဖြစ်ပေါ်ခဲ့သဖြင့် သမုဒ္ဒရာအောက်ပိုင်း အပူချိန်များ ပုံမှန်ထက် အလွန်မြင့်တက်နေပါသည်။
Outgoing Longwave Radiation (OLR) -
📌 အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ပါပူအာနယူးဂီနီ ဒေသများ - OLR တန်ဖိုး ပုံမှန်ထက် မြင့်တက်နေသဖြင့် တိမ်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းမှု နည်းပါး/ဖိနှိပ်ခံထားရပါသည်။ (Suppressed Convection/Rainfall)
📌 အီကွေတာ ပစိဖိတ်အလယ်ပိုင်းနှင့် Date Line အနီး - OLR တန်ဖိုး လျော့နည်းနေသဖြင့် တိမ်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းမှု ပိုမိုအားကောင်းနေပါသည်။ (Enhanced Convection/Rainfall)
📌 လေတိုက်ခတ်မှု (Winds) - အောက်လွှာ (850-hPa) တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ အလယ်ပိုင်းအထိ အနောက်လေ ပုံမမှန်မှုများ (Westerly wind anomalies) စိမ့်ဝင်ဖြစ်ပေါ်လျက်ရှိပါသည်။
📌 အလွန်အားကောင်းသော အယ်လ်နီညို (Very Strong El Niño) - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ - ဒီဇင်ဘာ (OND) ကာလအတွင်း Relative Niño-3.4 index ပူနွေးမှု +၂.၀°C ထက်ကျော်လွန်သည့် Very Strong El Niño ဖြစ်လာရန် ၈၁% Probability (၈၁% အခွင့်အလမ်း) ရှိကြောင်း ခန့်မှန်းထားပါသည်။
📌 Model Forecast (CFSv2) - NCEP CFS.v2 သင်္ချာမော်ဒယ် ခန့်မှန်းချက်များအရ ၂၀၂၆ မြောက်ကမ္ဘာခြမ်း ဆောင်းရာသီအတွင်း အယ်လ်နီညို အထူးအားကောင်းသည့်အထိ အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။
အရှေ့တောင်အာရှနှင့် အင်ဒိုနီးရှားကျွန်းစုများ (Indonesia & Southeast Asia) -
📌 အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် Convection ဖိနှိပ်ခံရမှုကြောင့် မိုးရေချိန် လျော့နည်းခြင်း၊ မိုးခေါင်ရေရှားမှု ကြုံတွေ့ရနိုင်ခြင်းနှင့် တောမီးလောင်ကျွမ်းမှု အန္တရာယ် မြင့်မားလာနိုင်ခြင်း ရှိပါသည်။
📌 အယ်လ်နီညို အားကောင်းလာသည်နှင့်အမျှ ဒေသတွင်း ပူပြင်းခြောက်သွေ့သည့် ရာသီဥတု ဖြစ်စဉ်များ ပိုမိုသိသာလာနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု (U.S. Seasonal Outlook)
ဩဂုတ် - အောက်တိုဘာ ၂၀၂၆ အလားအလာ
📌 မိုးရေချိန် - အမေရိကန် အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးပိုနိုင်ပြီး၊ အနောက်မြောက်ဘက်နှင့် တက္ကဆပ်/တောင်ပိုင်း ဒေသအချို့တွင် ပုံမှန်ထက် မိုးနည်းနိုင်ပါသည်။
📌 အပူချိန် - အမေရိကန်ပြည်ထောင်စု ဒေသအများစုတွင် ပုံမှန်ထက် အပူချိန် မြင့်မားနိုင်ကြောင်း ခန့်မှန်းထားပါသည်။
⚠️ NOAA (CPC/NCEP) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ အီကွေတာ ပစိဖိတ်သမုဒ္ဒရာတွင် အလွန်အားကောင်းသော အယ်လ်နီညို (Very Strong El Niño /+၂.၀°C နှင့်အထက်) ဖြစ်ပေါ်ရန် ၈၁% အခွင့်အလမ်းရှိနေပြီး၊ ယင်းဖြစ်စဉ်သည် ၂၀၂၇ ခုနှစ် နွေဦးရာသီအစအထိ အရှိန်ကောင်းစွာ ဆက်လက်၍ သက်ရောက်နေမည် ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်သည့် ရာသီဥတုနှင့် ဒေသတွင်း ထိခိုက်နိုင်ခြေများ ကို အောက်ပါအတိုင်း အသေးစိတ် သုံးသပ်တင်ပြလိုက်ပါသည်။
📌 မုတ်သုံလေ စောစီးစွာ ဆုတ်ခွာခြင်း (Early Monsoon Withdrawal) - အယ်လ်နီညို အားကောင်းသည့် နှစ်များတွင် မုတ်သုံလေသည် မြန်မာနိုင်ငံမှ ပုံမှန်ထက် စောစီးစွာ ပြန်လည်ဆုတ်ခွာလေ့ရှိရာ မုတ်သုံရာသီ ကာလတိုတောင်းသွားနိုင်ပါသည်။
📌 မိုးရေချိန် လျော့နည်းခြင်းနှင့် ပုံမမှန်ခြင်း (Deficient Rainfall) - မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဇုန် (Central Dry Zone - စစ်ကိုင်း၊ မကွေး၊ မန္တလေး)၊ ဧရာဝတီတိုင်း၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရေချိန် ပုံမှန်အောက် လျော့နည်းနိုင်ပြီး မိုးရွာသွန်းမှု အဆက်ပြတ်ခြင်း (Dry Spells) များ ပိုမိုကြုံတွေ့ရနိုင်ပါသည်။
📌 မိုးသီးဇုန်နှင့် ဒေသအလိုက် မိုးသည်းထန်စွာရွာခြင်း (Erratic Rainfall) - အယ်လ်နီညိုသည် တစ်နိုင်ငံလုံး မိုးနည်းသွားခြင်းမျိုး မဟုတ်ဘဲ ရေထုထည်နှင့် လေထု မတည်ငြိမ်မှုကြောင့် အချို့ဒေသများတွင် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်း (Flash Floods) နှင့် မြေပြိုခြင်းများ ဒေသအလိုက် ရုတ်တရက် အပြိုင်အဆိုင် ဖြစ်ပေါ်နိုင်ပါသည်။
📌 စံချိန်တင် ပူပြင်းခြင်းနှင့် အပူလှိုင်းများ (Extreme Heatwaves) - ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှ စတင်၍ ၂၀၂၇ ခုနှစ် နွေရာသီ (မတ် - မေ) ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပုံမှန်ထက် အပူချိန်လွန်ကဲစွာ မြင့်တက်လာနိုင်ပြီး အပူလှိုင်း (Heatwave) အန္တရာယ်များကို ရင်ဆိုင်ရနိုင်ပါသည်။
📌 သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးခြင်း (Water Scarcity) - မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်နှင့် ဆည်များတွင် ရေဝင်ရောက်မှု အလွန်နည်းပါးသွားနိုင်သည့်အတွက် ကျေးလက်နှင့် မြို့ပြဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိနိုင်မှု ပြင်းထန်စွာ လျော့နည်းလာနိုင်ပါသည်။
📌 စိုက်ပျိုးသီးနှံများ အထွက်နှုန်းကျဆင်းခြင်း - မိုးစပါး နောက်ကျမှ စိုက်ပျိုးရခြင်း၊ အပူဒဏ်ကြောင့် အောင်ရေမရခြင်း၊ တိုင်ထောင်သီးနှံများနှင့် ဆောင်းသီးနှံများ (ပဲ၊ နှမ်း၊ ဆီထွက်သီးနှံ) စိုက်ပျိုးချိန်တွင် ရေလုံလောက်စွာ မရရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးထွက်ကုန် လျော့နည်းနိုင်ပါသည်။
📌 ကျွဲ၊ နွားနှင့် မွေးမြူရေး - အပူဒဏ် (Heat Stress) ကြောင့် မွေးမြူရေး တိရစ္ဆာန်များ သေဆုံးခြင်း၊ နို့/ဥ ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် ရေရှားပါးမှုကြောင့် သမားရိုးကျ မွေးမြူရေးလုပ်ငန်းများ ထိခိုက်နိုင်ပါသည်။
📌 တောမီးနှင့် လေထုညစ်ညမ်းမှု (Wildfires & Haze) - အပူချိန်မြင့်မားပြီး ပူပြင်းခြောက်သွေ့မှုကြောင့် သစ်တောများတွင် တောမီးလောင်ကျွမ်းမှု အကြိမ်ရေ ပိုမိုများပြားလာနိုင်ကာ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် လေထုညစ်ညမ်းမှု (PM2.5 Maza / Haze) မြင့်တက်လာနိုင်ပါသည်။
📌 ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ -
⚠️ အပူလွန်ကဲမှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များတွင် အပူဒဏ်ကြောင့် မူးမေ့ခြင်း (Heat Stroke) ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်း။
⚠️ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် ရေမှတစ်ဆင့်ကူးစက်သော ရောဂါများ (Water-borne diseases) ပိုမိုဖြစ်ပွားနိုင်ခြင်း။
📌 လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု - ရေအားလျှပ်စစ် စက်ရုံများရှိ ရေအားပမာဏ လျော့နည်းသွားနိုင်သဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာနိုင်ပါသည်။
📌 ရေအရင်းအမြစ် စီမံခန့်ခွဲမှု - မိုးရေလှောင်ကန်များ၊ စိမ့်စမ်းများနှင့် ကျေးလက်သောက်သုံးရေကန်များကို မုတ်သုံမကုန်မီ ကြိုတင် ရေစုဆောင်း/ပြင်ဆင်ထားရှိခြင်း။
📌 စိုက်ပျိုးရေးဆိုင်ရာ ပြင်ဆင်မှု - ရေနည်းနည်းဖြင့် စိုက်ပျိုးနိုင်သော သီးနှံပုံစံများ (Drought-resistant crops) သို့ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေကို (Drip Irrigation) စနစ်ဖြင့် စနစ်တကျ သုံးစွဲခြင်း။ * Drip Irrigation စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ရန် *
📌 ကျန်းမာရေး အသိပညာပေးခြင်း - အပူဒဏ်အန္တရာယ် စနစ်တကျ ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ အသိပေးခြင်း။
📌 ဘေးအန္တရာယ် တုံ့ပြန်ရေး - မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် သောက်သုံးရေ ဖြန့်ဝေနိုင်ရေး လုပ်ငန်းစဉ်များကို ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအထိ ရာသီအလိုက် မိုးရေချိန်ခန့်မှန်းချက် (Seasonal Precipitation Anomaly) မြေပုံများအရ မြန်မာနိုင်ငံဒေသအသီးသီးတွင် ဖြစ်ပေါ်နိုင်မည့် မိုးရွာသွန်းမှု အခြေအနေနှင့် ၂၀၂၆-၂၇ ခုနှစ်တွင် အားကောင်းလာနိုင်သည့် အယ်လ်နီညို (El Niño) ဖြစ်စဉ်နှင့် ဆက်စပ်မှုကို အောက်ပါအတိုင်း အသေးစိတ် Analysis ပြုလုပ် သုံးသပ်တင်ပြအပ်ပါသည်။
🔸ခန့်မှန်းချက်: မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း၊ မကွေး) နှင့် မြောက်ပိုင်းဒေသအချို့တွင် နှစ်စဉ်ရွာသွန်းမြဲအောက် (Below Normal) အနည်းငယ်မှ အသင့်အတင့် လျော့နည်းနိုင်ပြီး ဝါညိုရောင်/အဝါရောင် ကာလာပြသနေပါသည်။ သို့သော် ကမ်းရိုးတန်းဒေသများ (ရခိုင်နှင့် တနင်္သာရီ) နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအနီးအနား သို့မဟုတ် ရွာသွန်းမြဲထက် (Above Normal) အနည်းငယ် ပိုနိုင်သည့် အစိမ်းရောင်ဖျော့ဖျော့ကို တွေ့ရသည်။
🔸သုံးသပ်ချက်: မုတ်သုံကာလ အထွက်အထိပ် (Peak Monsoon) ဖြစ်သော်လည်း အလယ်ပိုင်းမိုးခေါင်ရေရှားဇုန် (Dry Zone) တွင် မိုးရွာသွန်းမှု အားနည်းနိုင်ခြေ ရှိနေသည်။
🔸ခန့်မှန်းချက်: နိုင်ငံတစ်ဝန်းလုံးနီးပါးတွင် ရွာသွန်းမြဲအောက် (Below Normal) လျော့နည်းသွားမည့် လက္ခဏာကို မြေပုံတွင် ပိုမိုထင်ရှားစွာ တွေ့ရပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မိုးခေါင်ရေရှားမှု သို့မဟုတ် မိုးပြတ်မှု (Dry Spells) ပိုမိုသိသာလာနိုင်ပြီး အဝါရောင်မှ လိမ္မော်ရောင်သန်းသော ကာလာများ ဖုံးလွှမ်းနေသည်။
🔸သုံးသပ်ချက်: မုတ်သုံလေ အားပျော့လာခြင်းနှင့်အတူ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းလာနိုင်သည့် အခြေအနေ ဖြစ်သည်။
🔸ခန့်မှန်းချက်: မုတ်သုံဆုတ်ခွာချိန် (Monsoon Withdrawal) ကာလဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးနီးပါးတွင် ရွာသွန်းမြဲအောက် (Below Normal) လျော့နည်းနိုင်ခြေ အားကောင်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ရှမ်းပြည်နယ်တို့တွင် မိုးရေချိန် သိသိသာသာ လျော့နည်းနိုင်ကြောင်း ပြသနေပါသည်။
🔸သုံးသပ်ချက်: မုတ်သုံလေ သတ်မှတ်ရက်ထက် စောစီးစွာ ဆုတ်ခွာခြင်း (Early Monsoon Withdrawal) သို့မဟုတ် စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် မုန်တိုင်းဖြစ်ပေါ်မှု အားနည်းခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း ဖြစ်နိုင်ပါသည်။
🔸ခန့်မှန်းချက်: မုတ်သုံအလွန်ကာလ (Post-Monsoon) သို့ ကူးပြောင်းချိန်တွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ရွာသွန်းမြဲအောက် ဆက်လက်လျော့နည်းနေဦးမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတောင်ပိုင်း (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ) တို့တွင် ရွာသွန်းမြဲအနီးအနား (Near Normal) သို့ ပြန်လည်ရောက်ရှိလာနိုင်ခြေ ရှိသည်။
🔸သုံးသပ်ချက်: အောက်တိုဘာလတွင် ဖြစ်ပေါ်လေ့ရှိသည့် ကုန်းတွင်းပိုင်း မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်မှု (Thunderstorm Activity) နှင့် ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ်များကြောင့် တောင်ပိုင်းတွင် မိုးအသင့်အတင့် ပြန်ရနိုင်သော်လည်း အထက်ပိုင်းတွင်မူ လျော့နည်းမြဲ လျော့နည်းနေမည် ဖြစ်သည်။
🔸ခန့်မှန်းချက်: ဆောင်းဦးကာလသို့ ရောက်ရှိလာချိန်တွင် နိုင်ငံတစ်ဝန်းလုံးနီးပါး၌ ခြောက်သွေ့သောအခြေအနေ (Dry Anomaly) ကို အဝါရောင်ဖျော့ဖျော့များဖြင့် ပြသနေပြီး၊ မိုးရွာသွန်းမှုသည် ရွာသွန်းမြဲအောက် သို့မဟုတ် ရွာသွန်းမြဲအနီးအနားတွင်သာ ရှိပါမည်။
🔸သုံးသပ်ချက်: ပုံမှန်အားဖြင့်လည်း နိုဝင်ဘာလသည် မိုးနည်းသောလဖြစ်သော်လည်း ယခုခန့်မှန်းချက်အရ ပုံမှန်ထက်ပင် ပိုမိုခြောက်သွေ့နိုင်ခြေ ရှိနေပါသည်။
🔸Meteoblue SA-ENSEMBLE မှ ပြသနေသည့် ဇူလိုင်လမှ နိုဝင်ဘာလအထိ မိုးရွာသွန်းမှု လျော့နည်းနိုင်ခြေ ခန့်မှန်းချက်သည် ၂၀၂၆-၂၇ အယ်လ်နီညို (El Niño) ဖြစ်စဉ် အားကောင်းလာခြင်းနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေပါသည်။
🔸မုတ်သုံလေအပေါ် သက်ရောက်မှု (Weakened Monsoon): အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားချိန်တွင် အနောက်ပစိဖိတ်သမုဒ္ဒရာနှင့် အရှေ့တောင်အာရှဒေသများ၌ လေဖိအား မြင့်တက်လေ့ရှိပြီး အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော အနောက်တောင်မုတ်သုံလေကို အားပျော့သွားစေပါသည်။ ထို့ကြောင့် ဩဂုတ်နှင့် စက်တင်ဘာလများတွင် မိုးအားကိုးရသော မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၌ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။
🔸မုတ်သုံစောစီးစွာ ဆုတ်ခွာခြင်း (Early Withdrawal): ခန့်မှန်းချက်မြေပုံများအရ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် နိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း၌ မိုးသိသိသာသာ နည်းသွားခြင်းသည် အယ်လ်နီညိုနှစ်များတွင် ဖြစ်လေ့ရှိသည့် မုတ်သုံလေ မြန်မာနိုင်ငံမှ စောစီးစွာ ဆုတ်ခွာခြင်း (Early Monsoon Withdrawal) လက္ခဏာနှင့် ကိုက်ညီနေပါသည်။
🔸စိုက်ပျိုးရေးဆိုင်ရာ သက်ရောက်မှု (Agricultural Impact): ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများသည် မိုးစပါးနှင့် အခြားမိုးသီးနှံများအတွက် ရေအလိုအပ်ဆုံး ကာလများ ဖြစ်သည်။ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှု (Dry Spells) ရှည်ကြာပါက စိုက်ပျိုးရေ ပြတ်လတ်မှုနှင့် အပင်ဖြစ်ထွန်းမှုအပေါ် ထိခိုက်နိုင်ခြေ (Agricultural Drought Risk) မြင့်မားပါသည်။
💡နိဂုံးချုပ် အကြံပြုချက် - Meteoblue Multi-Model စနစ်အရ လာမည့် မုတ်သုံရာသီဝက်နှင့် မုတ်သုံအလွန်ကာလများသည် အယ်လ်နီညို၏ ရိုက်ခတ်မှုကြောင့် "မိုးနည်း၊ ခြောက်သွေ့၊ မိုးပြတ်" သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ခြေ အလွန်များပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ရေစီမံခန့်ခွဲမှု (Water Resource Management) စောစီးစွာ ပြင်ဆင်ရန်နှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်မည် ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
တင်ပြခဲ့သည့် Meteoblue SA-ENSEMBLE model အချက်အလက်များနှင့် မြေပုံ Analysis အရ -
မြေပုံများ၏ အရောင်ပြသမှုပြင်းအား (Precipitation Anomaly Intensity) အပေါ် အခြေခံ၍ သုံးသပ်ရလျှင် အယ်လ်နီညို၏ ရိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှု နှစ်စဉ်ရွာသွန်းမြဲအောက် သိသိသာသာလျော့နည်းပြီး ခြောက်သွေ့နိုင်မည့်ဒေသများမှာ -
🔸မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဇုန် (Dry Zone): မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း။
🔸မြန်မာနိုင်ငံအထက်ပိုင်းနှင့် ကုန်းတွင်းပိုင်းဒေသများ: စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)။
🔸ချင်းပြည်နယ်နှင့် ကယားပြည်နယ်: ဤကုန်းတွင်းပိုင်း တောင်တန်းဒေသများသည်လည်း ဩဂုတ်လမှ စတင်ကာ အဝါရောင်နှင့် လိမ္မော်ရောင်သန်းသော မိုးနည်းသည့်ဇုန်အောက်သို့ ရောက်ရှိနေပါသည်။
(တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း) စသည့် မြန်မာပြည်တောင်ပိုင်းဒေသများသည် အခြားကုန်းတွင်းပိုင်းဒေသများနှင့်စာလျှင် ပထဝီဝင်အနေအထားအရ မုတ်သုံလေနှင့် ပိုမိုနီးစပ်သော်လည်း၊ အယ်လ်နီညိုနှစ်ဖြစ်သည့်အတွက် ပုံမှန်နှစ်များထက် ထူးခြားသော ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်ရနိုင်ပါသည်။
🔸ဇူလိုင်နှင့် ဩဂုတ်လ (မုတ်သုံကာလအတွင်း): မြေပုံအရ ဇူလိုင်လတွင် တောင်ပိုင်းဒေသအချို့၌ ရွာသွန်းမြဲအနီးအနား သို့မဟုတ် အနည်းငယ်ပိုနိုင်သော်လည်း၊ ဩဂုတ်လသို့ရောက်လျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးအားလျော့သွားသည့်ဇုန်ထဲတွင် ပါဝင်နေသည်။ ထို့ကြောင့် ဩဂုတ်လအတွင်း တောင်ပိုင်းဒေသများတွင်လည်း ပုံမှန်ထက် မိုးရွာရက်နည်းခြင်း သို့မဟုတ် ရက်ရှည်မိုးပြတ်ခြင်း (Dry Spells) ဖြစ်ပေါ်နိုင်သည်။
🔸စက်တင်ဘာနှင့် အောက်တိုဘာလ (မုတ်သုံဆုတ်ခွာချိန်): အယ်လ်နီညိုကြောင့် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းမှ ပုံမှန်ထက် စောစီးစွာ ဆုတ်ခွာသွားနိုင်ခြေ ရှိပါသည်။ သို့သော် အောက်တိုဘာလ မြေပုံအရ တောင်ပိုင်းဒေသများတွင် အစိမ်းဖျော့ရောင်/မီးခိုးရောင် (Near Normal) ပြန်ဖြစ်လာသည်ကို တွေ့ရသဖြင့် မုတ်သုံဆုတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လေ့ရှိသည့် ဒေသတွင်း မိုးကြိုးမုန်တိုင်းများ (Local Thunderstorms) နှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်မည့် လေဖိအားနည်းဆဲလ်များကြောင့် ရက်တိုမိုးကြီးခြင်းမျိုးသာ ကြုံရနိုင်ပြီး မိုးရေချိန်စုစုပေါင်းမှာ ပုံမှန်ထက် လျော့နည်းနိုင်ပါသည်။
🔸နိုဝင်ဘာလ (ဆောင်းဦးကာလ): နိုင်ငံတစ်ဝန်းလုံးနှင့်အတူ တောင်ပိုင်းဒေသများတွင်ပါ ခြောက်သွေ့သော ရာသီဥတုသို့ စောစီးစွာ ကူးပြောင်းသွားမည် ဖြစ်သည်။
မြန်မာပြည်တောင်ပိုင်းသည် မိုးစပါး အဓိကစိုက်ပျိုးရာဒေသဖြစ်သဖြင့် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းနှင့် စောစီးစွာ ခြောက်သွေ့ခြင်းဒဏ်ကို အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်သင့်ပါသည်။
🔸ရေစီမံခန့်ခွဲမှုနှင့် ရေစုဆောင်းခြင်း (Water Harvesting) - ဇူလိုင်နှင့် ဩဂုတ်လအတွင်း ရရှိသည့် မိုးရေကို လယ်ကွင်းများအတွင်း သို့မဟုတ် ဒေသအလိုက် ရေကန်များ၊ ဆည်မြောင်းများတွင် အလေအလွင့်မရှိအောင် အမြင့်ဆုံးအဆင့်ဖြင့် ထိန်းသိမ်းစုဆောင်းထားရန် လိုအပ်သည်။ ဩဂုတ်/စက်တင်ဘာ မိုးပြတ်နိုင်ခြေရှိသောကာလတွင် သီးနှံများ ရေငတ်ခြင်းမှ ကာကွယ်ရန် ကူညီရေသွင်းနိုင်မည့် အလှည့်ကျရေပေးဝေရေးစနစ်ကို ကြိုတင်ပြင်ဆင်ထားရပါမည်။
🔸သီးနှံပုံစံနှင့် သက်တမ်းရွေးချယ်မှု (Crop & Variety Selection) - မုတ်သုံစောစောဆုတ်ခွာနိုင်ခြေနှင့် မိုးနှောင်းပိုင်း ခြောက်သွေ့နိုင်ခြေ မြင့်မားသောကြောင့် သက်တမ်းရှည်စပါးမျိုးများထက် သက်တမ်းတို/သက်တမ်းအလတ်စပါးမျိုးများ (Short-duration varieties) သို့မဟုတ် မိုးခေါင်ဒဏ်ခံနိုင်သော စပါးမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးသင့်သည်။ အကယ်၍ မိုးနှောင်းပိုင်းတွင် ရေလုံလောက်မှု မရှိနိုင်တော့ပါက ရေလိုအပ်ချက်နည်းသော သီးညှပ်/သီးထပ်သီးနှံများ (ဥပမာ - ပဲမျိုးစုံ သို့မဟုတ် ဆီထွက်သီးနှံများ) သို့ အမြန်ကူးပြောင်း စိုက်ပျိုးနိုင်ရန် မျိုးစေ့နှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားသင့်သည်။
🔸စိုက်ပျိုးချိန်ညှိခြင်း (Adjusting Planting Calendar) - မိုးရွာသွန်းမှု အခြေအနေကို ဒေသတွင်း မိုးလေဝသသတင်းများနှင့် ချိတ်ဆက်၍ ပျိုးထောင်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း ကာလများကို အချိန်ကိုက်ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ရပါမည်။
🔸ဆောင်းသီးနှံနှင့် နွေသီးနှံအတွက် ကြိုတင်ပြင်ဆင်ခြင်း - နိုဝင်ဘာလမှစတင်၍ သိသိသာသာ ခြောက်သွေ့လာနိုင်သဖြင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများသည် မြေအစိုဓာတ် ရှိနေစဉ်အတွင်း စောစီးစွာ စိုက်ပျိုးနိုင်ရေး (Early Sowing) နှင့် နွေသီးနှံအတွက် သဘာဝမြေအောက်ရေ သို့မဟုတ် မြစ်ရေတင်စနစ်များ မည်သို့အသုံးပြုမည်ကို ကြိုတင်တွက်ချက်ထားသင့်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့အထိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာသည် တက်ကြွသော အယ်လ်နီညို (El Niño) အခြေအနေသို့ ကူးပြောင်းရောက်ရှိသွားပြီဖြစ်ပြီး လက်ရှိတွင် "အယ်လ်နီညို သတိပေးချက် (El Niño Advisory)" ထုတ်ပြန်ထားသည်။ မကြာသေးမီက လေ့လာစောင့်ကြည့်ချက်များအရ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းအီကွေတာဒေသတစ်လျှောက်တွင် ပင်လယ်ရေမျက်နှာပြင်အပူချိန်များ (SSTs) မှာ ပုံမှန်ထက် မြင့်တက်နေကြောင်း ပြသနေသည်။
ဤသို့သော သမုဒ္ဒရာအခြေအနေများသည် အယ်လ်နီညိုဖြစ်စဉ်နှင့် ကိုက်ညီသည့် လေထုလည်ပတ်မှု မူမမှန်မှုများနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ လက်ရှိခန့်မှန်းချက်များအရ အယ်လ်နီညိုအခြေအနေသည် ယခုနှစ်၏ ကျန်ရှိသောကာလတစ်လျှောက်တွင် ဆက်လက်အားကောင်းလာမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှ ၂၀၂၇ ခုနှစ်ဦး ကမ္ဘာ့မြောက်ခြမ်း၏ ဆောင်းရာသီအထိ ဆက်လက်တည်ရှိနေမည်ဟု ညွှန်ပြနေသည်။
လက်ရှိ ENSO သတိပေးချက်စနစ် အခြေအနေ (Current ENSO Alert System Status)
ရာသီဥတုခန့်မှန်းရေးစင်တာ (CPC) နှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ ခန့်မှန်းရေးစင်တာများ (NCEP) တို့မှ ထုတ်ပြန်ထားသော နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည် -
သတိပေးချက်အဆင့် (Alert Status): အယ်လ်နီညို သတိပေးချက် (El Niño Advisory)
လက်ရှိအခြေအနေ (Current Conditions): အယ်လ်နီညိုအခြေအနေများ ဖြစ်ပေါ်နေသည်။
ခန့်မှန်းချက် (Forecast): အယ်လ်နီညိုသည် ၂၀၂၆-၂၇ ခုနှစ် ကမ္ဘာ့မြောက်ခြမ်း ဆောင်းရာသီအထိ ဆက်လက်အားကောင်းလာမည်ဟု မျှော်လင့်ရသည်။ အားကောင်းသော အယ်လ်နီညို့ဖြစ်နိုင်ခြေ ၆၃% အထိရှိလာကြောင်း ဇွန်လ ၁၅ ရက်နေ့ထုတ် NOAA ထုတ်ပြန်ချက်တွင် တွေ့ရသည်။
သမုဒ္ဒရာအခြေအနေများနှင့် ဖြစ်ပေါ်ပြောင်းလဲမှုများ (Oceanic Conditions and Evolution)
အပူပိုင်းပစိဖိတ်သမုဒ္ဒရာသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရပြီး၊ ပုံမှန်အောက် အပူချိန်နိမ့်ကျခဲ့သော “လာနီညာ”ကာလမှသည် လက်ရှိတွင် “အယ်လ်နီညို”အဖြစ် ခိုင်မာလာသည့် အပူရှိန်မြင့်တက်မှုအလားအလာသို့ ကူးပြောင်းလာခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်အပူချိန် (SST) ကွဲလွဲမှုများ
၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ပင်လယ်ရေမျက်နှာပြင်အပူချိန် (SST) ပုံမှန်အောက် လျော့နည်းခဲ့ပြီးနောက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် အီကွေတာပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဘက်အစွန်းပိုင်း၌ အပူချိန် စတင်မြင့်တက်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ဧပြီလလယ်ကတည်းက ဤကဲ့သို့ ပုံမှန်ထက်မြင့်မားသော SST အပူချိန်များသည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှ အရှေ့ပိုင်းအထိ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
၂၀၂၆ ခုနှစ် ဇွန်လဆန်းပိုင်းအထိ အဓိကကျသော နီညို (Niño) ရေပြင်ဇုန်များ၏ တစ်ပတ်တာ SST ကွဲလွဲမှုများသည် ထင်ရှားသော အပူရှိန်မြင့်တက်မှုအလားအလာကို ပြသနေပြီး၊ အထူးသဖြင့် အရှေ့ဘက်ရေပြင်ဇုန်များတွင် ပိုမိုသိသာသည် -
ရေအောက်မျက်နှာပြင်အခြေအနေများနှင့် အပူပမာဏ (Subsurface Conditions and Heat Content)
ရေအောက်မျက်နှာပြင် ပတ်ဝန်းကျင်အခြေအနေများသည်လည်း လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုဖြစ်စဉ်ကို ထောက်ပံ့ပေးနေသည် -
သမုဒ္ဒရာအပေါ်ယံပိုင်း အပူပမာဏ - အီကွေတာအောက် သမုဒ္ဒရာအပေါ်ယံပိုင်း (မီတာ ၀ မှ ၃၀၀ အနက်) တစ်ပြင်လုံးရှိ အပူပမာဏသည် လက်ရှိတွင် ပုံမှန်ထက် မြင့်မားနေသည်။ ဒါသည် ပစိဖိတ်သမုဒ္ဒရာရေပြင် ပူနွေးလာမှု (အယ်လ်နီညို) ဖြစ်စဉ်၏ အစောပိုင်းအဆင့်များတွင် တွေ့ရလေ့ရှိသော သဘာဝဖြစ်သည်။
Thermocline Slope Index (ရေအေးနှင့်ရေပူအလွှာကြား ဒေါင့်အညွှန်းကိန်း) - ဤညွှန်းကိန်းသည် လက်ရှိတွင် ပုံမှန်အောက် လျော့နည်းနေသည်။ ဤသို့ Thermocline Slope Index လျော့နည်းသွားခြင်းသည် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် အနက် ၂၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေပူရေအေးကြားအလွှာ (Isotherm) ညီညာလာမှုကို ညွှန်ပြနေခြင်းဖြစ်ပြီး ရေနွေးလှိုင်းဖြစ်စဉ်များ၏ အမှတ်အသားတစ်ခုဖြစ်သည်။
ရေအောက်မျက်နှာပြင် အပူချိန်မူမမှန်မှုများ - ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်မှ ၂၀၂၆ ခုနှစ် ဧပြီလနှောင်းပိုင်းအတွင်း ရေအောက်မျက်နှာပြင်တွင် အပေါင်းလက္ခဏာဆောင်သော (ပုံမှန်ထက်ပူသော) “အပူချိန်-မူမမှန်မှုများ” ဖြစ်ထွန်းခဲ့သည်။ မေလတွင် ခေတ္တမျှ ပြန်လည်လျော့ကျခဲ့သော်လည်း၊ လွန်ခဲ့သည့် နှစ်လအတွင်း ဤမူမမှန်မှုများသည် ပစိဖိတ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပြန်လည်အားကောင်းလာပြီး ဆက်လက်တည်ရှိနေသည်။
လေထုလည်ပတ်မှုပုံစံများ (Atmospheric Circulation Patterns) - လေထုဆိုင်ရာ ညွှန်းကိန်းများသည် သမုဒ္ဒရာရေပြင်ပူနွေးလာမှုနှင့် တစ်ထပ်တည်း ကျလာခဲ့ပြီး၊ ရေနှင့်လေထု အပြန်အလှန်ဆက်စပ်မှုရှိသော (Coupled ENSO) ဖြစ်စဉ်တစ်ခု ဖြစ်ပွားနေကြောင်း အတည်ပြုပေးနေသည်။
မိုးတိမ်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းမှု (Outgoing Longwave Radiation - OLR) - လွန်ခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ထွက်ခွာလာသော လှိုင်းရှည်ရောင်ခြည်ဖြာထွက်မှု (OLR) အချက်အလက်များအရ အောက်ပါအတိုင်း တွေ့ရှိရသည် -
မိုးတိမ်ဖြစ်ထွန်းမှု အားကောင်းခြင်း - ရက်စွဲမျဉ်း (Date Line) အနီးနှင့် ပစိဖိတ်အရှေ့အလယ်ပိုင်းတို့တွင် ပုံမှန်အောက်လျော့နည်းသော OLR (မိုးတိမ်ဖြစ်ထွန်းမှုနှင့် မိုးရွာသွန်းမှု အားကောင်းခြင်းကို ပြဆိုသည်) ကို သိသာစွာ တွေ့ရသည်။
မိုးတိမ်ဖြစ်ထွန်းမှု အားနည်းခြင်း - ဖိလစ်ပိုင်နိုင်ငံပေါ်တွင်လည်းကောင်း၊ အီကွေတာတောင်ဘက် အင်ဒိုနီးရှားမှ ပစိဖိတ်အလယ်ပိုင်းအထိ ဒေသများတွင်လည်းကောင်း ပုံမှန်ထက်မြင့်မားသော OLR (မိုးတိမ်ဖြစ်ထွန်းမှု အားနည်း/ခြောက်သွေ့ခြင်းကို ပြဆိုသည်) ကို လေ့လာတွေ့ရှိရသည်။
လေတိုက်နှုန်း မူမမှန်မှုများ (Wind Anomalies)
အောက်ခြေလေထု - အီကွေတာပစိဖိတ်အလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် 850-hPa လေဖိအားအဆင့်၌ အနောက်ဘက်မှ တိုက်ခတ်သော လေမူမမှန်မှုများ (Westerly wind anomalies) ကို တွေ့ရသည်။
အပေါ်ယံလေထု - 200-hPa လေဖိအားအဆင့် (အမြင့်ပိုင်း) တွင် အီကွေတာပစိဖိတ်အရှေ့အလယ်ပိုင်း၌ အရှေ့လေမူမမှန်မှုများကို တွေ့ရပြီး၊ အီကွေတာပစိဖိတ်အရှေ့ပိုင်းတွင်မူ အနောက်လေမူမမှန်မှုများကို တွေ့ရသည်။
လေပွေစုံတွဲ (Anticyclonic Couplet) ပစိ -ဖိတ်အရှေ့ပိုင်း အီကွေတာကို ခွလျက်ရှိသော မူမမှန်သည့် လေထုဖိအားမြင့် လေပွေစုံတွဲတစ်ခုကိုလည်း လေ့လာတွေ့ရှိရသည်။
"Anticyclonic Couplet" ဆိုသည်မှာ အီကွေတာ၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် ဟန်ချက်ညီစွာ ယှဉ်တွဲဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (High Pressure Systems) နှစ်ခုကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာပြသမှုတွင် ၎င်းတို့၏ တည်နေရာကို အီကွေတာ (Equator) အပေါ်တွင် အခြေခံ၍ ပြသထားသည်။
"လေထုလည်ပတ်ပုံ" အပိုင်းတွင် ကမ္ဘာ့လည်ပတ်မှုကြောင့် ဖြစ်ပေါ်သောအား (Coriolis Effect) အရ မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် လေတိုက်နှုန်း လည်ပတ်ပုံ မတူညီမှုကို ရှင်းပြထားသည်။ "အယ်လ်နီညိုနှင့် ဆက်စပ်မှု" အပိုင်းတွင် ဤစနစ်သည် ပစိဖိတ်သမုဒ္ဒရာ ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် လေထု၏ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး၊ “မိုးနည်းခြင်း” “အပူချိန်မြင့်ခြင်း” စသည့်အကျိုးဆက်များ ဖြစ်စေနိုင်သည်ကို ပြသထားသည်။
ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် သက်ရောက်စေသော အချက်များ (Factors Influencing Evolution)
မကြာခဏဆိုသလို မက်ဒင်-ဂျူလီယန် လှိုင်းရွေ့လျားမှု (MJO - Madden-Julian Oscillation) နှင့် ဆက်စပ်နေလေ့ရှိသော ရာသီတွင်းပြောင်းလဲမှုများသည် သမုဒ္ဒရာမျက်နှာပြင်နှင့် ရေအောက်အခြေအနေများကို သက်ရောက်မှုရှိစေကြောင်း ပေါ်လွင်စေသည်။ အထူးသဖြင့် (MJO လုပ်ဆောင်ချက်နှင့် မကြာခဏ ဆက်စပ်နေသော) အောက်ခြေအရှေ့လေများ သိသိသာသာ အားပျော့သွားခြင်းသည် အရှေ့ဘက်သို့ ရွေ့လျားတတ်သော အီကွေတာသမုဒ္ဒရာ ကယ်လ်ဗင်လှိုင်းများ (Kelvin waves) ကို စတင်ဖြစ်ပေါ်စေနိုင်ပြီး၊ ၎င်းသည် အယ်လ်နီညိုအခြေအနေများ ပိုမိုဖွံ့ဖြိုးပြီး အားကောင်းလာစေရန် အထောက်အကူပြုသည်။
နည်းစနစ်ဆိုင်ရာ မှတ်စု (Methodology Note)
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ အပူပိုင်းပစိဖိတ် SST မူမမှန်မှုများနှင့် နီညို-အညွှန်းကိန်းများကို ပင်လယ်ရေမျက်နှာပြင်အပူချိန် မူမမှန်မှု (RONI) စနစ်ဖြင့် အစီရင်ခံတင်ပြထားသည်။ ဤနည်းစနစ်သည် ပိုမိုကျယ်ပြန့်သော ကမ္ဘာ့သမုဒ္ဒရာအပူချိန် အလားအလာများအကြား ENSO ၏ ဖြစ်ပေါ်ပြောင်းလဲမှုကို ပိုမိုတိကျစွာ သက်သေပြနိုင်ရန် ရည်ရွယ်သည်။ လွန်ခဲ့သည့် သီတင်းပတ် ၄ ပတ်အတွင်း ပစိဖိတ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အပေါင်းလက္ခဏာဆောင်သော (ပူနွေးသော) SST အပြောင်းအလဲများကို အထင်ရှားဆုံးတွေ့ရပြီး၊ အတ္တလန္တိတ်သမုဒ္ဒရာအများစုနှင့် ပစိဖိတ်အနောက်ဘက်အစွန်းပိုင်းတို့တွင်မူ အနှုတ်လက္ခဏာဆောင်သော (အေးမြသော) အပြောင်းအလဲများကို လေ့လာတွေ့ရှိခဲ့ရသည်။
NOAA/CPC ၏ ၂၀၂၆ ခုနှစ် ဇွန်လလယ်ထုတ် အစီရင်ခံစာအရ အပူပိုင်းပစိဖိတ်ရေပြင်သည် အယ်လ်နီညို (El Niño) အခြေအနေသို့ အပြည့်အဝ ကူးပြောင်းရောက်ရှိသွားပြီ ဖြစ်ပြီး၊ ရာသီဥတုစနစ်တစ်ခုလုံး (သမုဒ္ဒရာနှင့်လေထု) ပေါင်းစည်းကာ ဆက်လက်အားကောင်းလာမည့် အနေအထားရှိပါသည်။
ဤအခြေအနေသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ မိုးရွာသွန်းမှုပုံစံနှင့် အပူချိန်များအပေါ် သက်ရောက်မှု ကြီးမားစွာ ရှိလာနိုင်ပါသည်။ အသေးစိတ် သုံးသပ်ချက်နှင့် ဖြစ်ပေါ်နိုင်မည့် ကာလကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါသည် -
၁။ မြန်မာနိုင်ငံ၏ ရာသီဥတုအပေါ် သက်ရောက်နိုင်မည့် အခြေအနေများ
အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့လေထုလည်ပတ်မှုကို ပြောင်းလဲစေသဖြင့် အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယေဘုယျအားဖြင့် "မိုးနည်းခြင်းနှင့် အပူချိန်မြင့်မားခြင်း" ကို ဖြစ်ပေါ်စေလေ့ရှိသည်။ အစီရင်ခံစာပါ အချက်အလက်များနှင့် ချိတ်ဆက်၍ အောက်ပါအတိုင်း သက်ရောက်နိုင်ပါသည် -
မုတ်သုံလေ အားပျော့ခြင်းနှင့် မိုးခေါင်/မိုးပြတ်ခြင်း - ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှသည် ပစိဖိတ်အလယ်ပိုင်းအထိ (မြန်မာနိုင်ငံအနီးဝန်းကျင် အရှေ့တောင်အာရှဒေသ) တွင် မိုးတိမ်ဖြစ်ထွန်းမှုကို အားဖြတ်နှိမ်နှင်းခံထားရကြောင်း (Suppressed Convection/Above-average OLR) ဖော်ပြထားသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အနောက်တောင်မုတ်သုံလေ၏ အရှိန်အဟုန်ကို အားပျော့စေနိုင်ပြီး၊ ယခု ၂၀၂၆ မိုးရာသီ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) အတွင်း မိုးရွာသွန်းမှု ပုံမှန်အောက် လျော့နည်းခြင်း၊ မိုးခေါင်ခြင်း သို့မဟုတ် ရက်ရှည်မိုးပြတ်ခြင်း (Monsoon Break) တို့ကို ကြုံတွေ့ရနိုင်ပါသည်။
မုတ်သုံလေ ကုန်းတွင်းမှ စောစီးစွာပြန်လည်ဆုတ်ခွာခြင်း - အယ်လ်နီညို အားကောင်းသည့်နှစ်များတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းမှ ပုံမှန်ထက် စောစီးစွာ ပြန်လည်ဆုတ်ခွာသွားတတ်သဖြင့် မိုးရာသီတိုတောင်းသွားတတ်ခြင်း နှင့် မိုးနှောင်းကာလ (စက်တင်ဘာ/အောက်တိုဘာ) တွင် ရေပြတ်လတ်မှု စတင်ခြင်းမျိုး ဖြစ်တတ်ပါသည်။
ကုန်းတွင်းပိုင်း အပူချိန်များ ပုံမှန်ထက် သိသိသာသာ မြင့်မားလာခြင်း - မိုးတိမ်ဖြစ်ထွန်းမှု နည်းပါးခြင်းနှင့် အယ်လ်နီညို၏ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြှင့်တင်မှု သက်ရောက်မှုတို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် နေ့ပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်မားနေမည် ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် မုန်တိုင်းဖြစ်ပေါ်မှု ပုံစံပြောင်းလဲခြင်း - အယ်လ်နီညိုကြောင့် လေထုအထက်နှင့်အောက် လေတိုက်နှုန်းကွာခြားချက် (Vertical Wind Shear) ပြင်းထန်လာတတ်သဖြင့်၊ မိုးလယ်နှင့် မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းကြီးများ ဖြစ်ပေါ်နိုင်ခြေကို ရေတိုအားဖြင့် လျော့နည်းစေနိုင်သော်လည်း၊ မုန်တိုင်းဖြစ်ပါက ရုတ်တရက်အားကောင်းလာခြင်းနှင့် လမ်းကြောင်း ပြောင်းလဲတတ်ခြင်း စသည့် သဘာဝရှိပါသည်။
၂။ မည်သည့်အချိန် (ခုနှစ်/လ) တွင် သက်ရောက်မှု အရှိန်အဟုန်အပြင်းဆုံး ဖြစ်ပွားနိုင်ပါသနည်း?
အစီရင်ခံစာ၏ ကာလပြဌာန်းချက် ခန့်မှန်းချက် (Forecast) အရ အယ်လ်နီညိုသည် ယခု ၂၀၂၆ ခုနှစ်-နှစ်ကုန်အထိ ဆက်လက်အားကောင်းနေမည်ဖြစ်ရာ သက်ရောက်မှုကာလကို အပိုင်း (၃) ပိုင်းဖြင့် မြင်တွေ့ရမည် ဖြစ်သည် -
ကာလအပိုင်းအခြားနှင့် ဖြစ်နိုင်သည့်အခြေအနေ ၁ - ၂၀၂၆ ဇွန်လ မှ ၂၀၂၆ စက်တင်ဘာလ - (မိုးနည်း/မိုးပြတ်)
ကာလအပိုင်းအခြားနှင့် ဖြစ်နိုင်သည့်အခြေအနေ ၂ - ၂၀၂၆ အောက်တိုဘာလ မှ ၂၀၂၇ ဇန်နဝါရီလ - (ဆောင်းပူ/မိုးသီးနှံထိခိုက်)
ကာလအပိုင်းအခြားနှင့် ဖြစ်နိုင်သည့်အခြေအနေ ၃ - ၂၀၂၇ ဖေဖော်ဝါရီလ မှ မေလ - (ပြင်းထန်အပူလှိုင်း/ရေရှား)
၃။ ကာလအပိုင်းအခြားအလိုက် ဖြစ်နိုင်ခြေများ -
(က) ရေတိုသက်ရောက်မှု (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ) - ယခု မိုးရာသီကာလအတွင်းမှာပင် မိုးရွာသွန်းမှု ပုံမှန်အောက် လျော့နည်းသည့်ဒဏ်ကို စိုက်ပျိုးရေးဒေသများ (အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသအချို့) တွင် စတင်သတိပြုမိလာရပါလိမ့်မည်။
(ခ) အထွတ်အထိပ်သို့ ရောက်ရှိမည့်ကာလ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအထိ) - အယ်လ်နီညိုသည် "ကမ္ဘာ့မြောက်ခြမ်း၏ ဆောင်းရာသီ (Northern Hemisphere Winter 2026-27)" တွင် အားအကောင်းဆုံး အထွတ်အထိပ် (Peak) သို့ ရောက်ရှိမည်ဟု အတိအလင်း ဆိုထားသည်။
(ဂ) ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၆ ခုနှစ် နှောင်းပိုင်း (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) နှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ များတွင် ဆောင်းရာသီဖြစ်သော်လည်း ပုံမှန်ထက် သိသိသာသာ ပူနွေးသော "ဆောင်းအပူချိန်မြင့်မားသော" ဖြစ်စဉ်ကို ကြုံတွေ့ရနိုင်ပြီး၊ မိုးနှောင်းသီးနှံနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေအတွက် အခက်အခဲ ရှိလာနိုင်ပါသည်။
(ဃ) နောက်ဆက်တွဲ အပြင်းထန်ဆုံးသက်ရောက်မှု (၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ မှ မေလအထိ) - အယ်လ်နီညို၏ သဘာဝအရ သမုဒ္ဒရာ၌ အားကောင်းပြီးနောက် ကုန်းတွင်းပိုင်းတွင် အပူရှိန်သက်ရောက်မှု ပြင်းထန်လေ့ရှိရာ ၂၀၂၇ ခုနှစ်၏ နွေရာသီ (မတ်၊ ဧပြီ၊ မေ) တွင် မြန်မာနိုင်ငံ၌ အပူလှိုင်း (Heatwave) များ အလွန်ပြင်းထန်ခြင်း၊ အမြင့်ဆုံးစံချိန်တင်အပူချိန်များ ဖြစ်ပေါ်ခြင်းနှင့် သောက်သုံးရေ ရှားပါးမှုပြဿနာများ ပိုမိုဆိုးရွားစွာ ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိပါသည်။
အနှစ်ချုပ် သတိပေးချက် - ၂၀၂၆ ဇွန်လလယ် လက်ရှိအခြေအနေမှစတင်၍ အယ်လ်နီညိုကာလအတွင်းထဲ ရောက်ရှိနေပြီဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုများနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ (အပူဒဏ်ကာကွယ်ရေး) တို့တွင် ယခု ၂၀၂၆ မိုးရာသီမှသည် ၂၀၂၇ ခုနှစ် နွေရာသီအထိ ရေရှည်အတွက် ကြိုတင်ပြင်ဆင်မှုများ မဖြစ်မနေ ပြုလုပ်ထားသင့်ပါသည်။