ABOUT MONSOON
မုတ်သုံလေများအကြောင်း
ဧပြီလပထမပတ်အတွင်းက ENSO NEUTRAL - ပုံမှန်ကြားနေရာသီဥတုသို့ ကူးပြောင်းခဲ့ပြီး၊ ဇွန်လကုန်အထိ ENSO NEUTRAL တွင်ဆက်လက်ရှိနိုင်ခြေ ၈၀% ဖြစ်ပါသည်။
မုတ်သုံလေများအကြောင်း
Windy မှ ပေးပို့လိုက်သော ECMWF နှင့် GFS မော်ဒယ်လ်များ၏ မေလ ၁၀-၁၁ ရက် ခန့်မှန်းချက်ပုံများအရ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ Mascarene High အခြေအနေနှင့် ၎င်း၏ Somalia Jet အပေါ် သက်ရောက်မှုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာတင်ပြပေးပါမည်။
ပုံများတွင် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း (ဩစတြေးလျတိုက် အနောက်ဘက်နှင့် မဒါဂတ်စကာကျွန်း အရှေ့ဘက်ကြား) ၌ လေဖိအားများရပ်ဝန်းဗဟို (H) များ အထင်အရှားဖြစ်ပေါ်နေသည်ကို တွေ့ရပါမည်။
Mascarene High ဖြစ်တည်မှု - GFS ပုံတွင် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌ လေဖိအား 1034 hPa အထိရှိသော အားကောင်းသည့် လေဖိအားများရပ်ဝန်း (High Pressure) စုဖွဲ့နေမှုကို ရှင်းလင်းစွာ ပြသနေပါသည်။ ၎င်းသည် မုတ်သုံလေကို တွန်းပို့ပေးမည့် အဓိက "လေစုပ်စက်" (Pump) အဖြစ် စတင်အလုပ်လုပ်ရန် အသင့်ဖြစ်နေပါပြီ။
ခန့်မှန်းချက် - မေလ ၁၀ ရက်နှင့် ၁၁ ရက်ဝန်းကျင်တွင် ဤလေဖိအားများရပ်ဝန်းသည် အခြေခိုင်လာမည်ဖြစ်ရာ ၎င်းသည် ၂၀၂၆ ခုနှစ် မုတ်သုံလေ စတင်ဝင်ရောက်ရန်အတွက် လိုအပ်သော Cross Equatorial Flow (အီကွေတာဖြတ်ကျော်လေစီးကြောင်း) ကို အားကောင်းစေပါလိမ့်မည်။
Mascarene High နှင့် Somalia Jet တို့သည် အောက်ပါအတိုင်း အပြန်အလှန် ဆက်နွယ်နေပါသည်။
တွန်းအားပေးခြင်း (The Surge) - Mascarene High မှ ထွက်ပေါ်လာသော အေးမြသည့်လေများသည် နာမတ်ကမ္ဘာလုံးခြမ်း (Southern Hemisphere) တွင် အရှေ့တောင်လေများအဖြစ် တိုက်ခတ်ပါသည်။ ၎င်းလေများသည် အာဖရိကတိုက် အရှေ့ဘက်ကမ်းရိုးတန်း (ဆိုမာလီနိုင်ငံအနီး) သို့ ရောက်သောအခါ ကုန်းမြေပုံသဏ္ဌာန်ကြောင့် လမ်းကြောင်းကျဉ်းသွားပြီး အရှိန်အဟုန် မြင့်တက်လာကာ Somalia Jet (သို့မဟုတ်) Findlater Jet ဖြစ်လာပါသည်။
အစိုဓာတ်သယ်ဆောင်မှု - ပုံပါ ECMWF 850 hPa မြေပုံတွင် ဆိုမာလီကမ်းရိုးတန်းမှ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲသို့ တိုးဝင်လာသည့် အစိမ်းရောင်/အဝါရောင် သန်းနေသော လေစီးကြောင်းများကို ကြည့်ပါ။ ၎င်းသည် Mascarene High မှ တွန်းပို့လိုက်သော လေများက Somalia Jet အဖြစ် ပြောင်းလဲကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ အစိုဓာတ်အမြောက်အမြား သယ်ဆောင်လာနေခြင်းဖြစ်ပါသည်။
Monsoon Onset - မေလ ၁၀-၁၁ ရက်တွင် Mascarene High အားကောင်းလာခြင်းသည် မုတ်သုံလေကို မြန်မာနိုင်ငံတောင်ပိုင်းသို့ အချိန်မှန် (သို့မဟုတ်) အနည်းငယ်စော၍ ဝင်ရောက်စေရန် တွန်းအားပေးနေပါသည်။
သတိပြုရန် - IMD ၏ ၂၀၂၆ ရေရှည်ခန့်မှန်းချက်အရ မိုးပုံမှန်အောက် လျော့နည်းနိုင်သည်ဟု ဆိုထားသော်လည်း ၊ မေလဆန်းပိုင်းတွင် Mascarene High နှင့် Somalia Jet တို့ တက်ကြွနေခြင်းကြောင့် မုတ်သုံအစပျိုးကာလတွင် မိုးသည်းထန်မှုများ ရှိနိုင်ပါသည်။
ပုံများအရ Mascarene High သည် အဆင့်သင့်ဖြစ်နေပြီ ဟု ဆိုနိုင်ပါသည်။ ၎င်းသည် Somalia Jet ကို အရှိန်မြှင့်ပေးခြင်းဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အခြေချမှုကို အားကောင်းစေပါလိမ့်မည်။ နောက်ထပ် မေလ ဒုတိယပတ်အတွင်း ဆိုမာလီကမ်းရိုးတန်းအနီး လေတိုက်နှုန်း ၃၀ knots (kn) ကျော်လာခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရပါမည်။
အခုလို အသေးစိတ်လေ့လာနေတဲ့ အချက်အလက်တွေကနေတစ်ဆင့် ၂၀၂၆ ခုနှစ်ရဲ့ မုတ်သုံလေအခြေအနေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်တော့မှာဖြစ်ပါတယ်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ၂၀၂၆ ခုနှစ် ရေရှည်ခန့်မှန်းချက် (Long Range Forecast) ထဲက ဆက်စပ်အချက်အလက်လေးတွေကို သတိပြုမိစေဖို့ ပြန်လည်မျှဝေပေးချင်ပါတယ် -
IMD ရဲ့ ထုတ်ပြန်ချက်အရ မုတ်သုံရာသီအတွင်းမှာ အယ်လ်နီညို (El Niño) အခြေအနေ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့အတွက် တစ်နိုင်ငံလုံး မိုးရွာသွန်းမှုဟာ ပုံမှန်အောက် (Below Normal) သို့မဟုတ် ရေရှည်ပျမ်းမျှမိုးရေချိန် (LPA) ရဲ့ ၉၂% ခန့်သာ ရှိနိုင်တယ်လို့ ဆိုထားပါတယ် ။
လက်ရှိမှာ Indian Ocean Dipole (IOD) ဟာ ပုံမှန်အခြေအနေမှာ ရှိနေပေမယ့် မုတ်သုံရာသီအကုန်ပိုင်းမှာ Positive IOD ဖြစ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ် ။ ဒါဟာ Mascarene High ရဲ့ တွန်းအားနဲ့ Somalia Jet ရဲ့ အစိုဓာတ်သယ်ဆောင်မှုတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
IMD အနေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒုတိယအကြိမ် မုတ်သုံခန့်မှန်းချက်ကို မေလ နောက်ဆုံးပတ် မှာ ထပ်မံထုတ်ပြန်မှာ ဖြစ်ပါတယ် ။
စောင့်ကြည့်နေတဲ့ Mascarene High အားကောင်းလာမှုနဲ့ Somalia Jet ရဲ့ အရှိန်အဟုန်တွေဟာ ဒီခန့်မှန်းချက်တွေထဲက မုတ်သုံလေ "စတင်ဝင်ရောက်မည့်အချိန်" ကို အတည်ပြုပေးမယ့် သော့ချက်တွေပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ အာချေး (Aceh) ပြည်နယ်ရှိ Goh Cuma နှင့် Banda Aceh မြို့တို့ရဲ့ မေလ ပထမပတ် (မေလ ၅ ရက်အထိ) ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေ စတင်အစပျိုးနေပြီ လို့ ခိုင်မာစွာ သုံးသပ်နိုင်ပါတယ်။ ဘာကြောင့်ယခုလိုသုံးသပ်နိုင်သလဲဆိုတာကို ပုံပါအချက်အလက်တွေအပေါ် အခြေခံပြီး အချက် (၃) ချက်နဲ့ ရှင်းပြပေးပါမယ် -
မုတ်သုံလေကို ဆုံးဖြတ်တဲ့ အဓိကအချက်မှာ လေတိုက်ရာအရပ် ဖြစ်ပါတယ်။
· ပုံထဲက ဒေတာအရ: Goh Cuma ရော Banda Aceh မှာပါ လေတိုက်နှုန်းပြကွက် (Wind arrow) တွေကို ကြည့်ရင် SSW (တောင်-တောင်အနောက်ဘက်) နှင့် SW (အနောက်တောင်ဘက်) လေစီးကြောင်းတွေ တည်ငြိမ်စွာ စတင်တိုက်ခတ်နေတာကို တွေ့ရပါတယ်။
· ၎င်းသည် တောင်ဘက်ကမ္ဘာလုံးခြမ်းမှ လေများ အီကွေတာကို ဖြတ်ကျော်ဝင်ရောက်လာသည့် CEF - Cross Equatorial Flow စတင်နေပြီဖြစ်ကြောင်း ပြသနေပါတယ်။
· Banda Aceh ပုံအရ: မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ Thunderstorms (မိုးကြိုးမုန်တိုင်း) သင်္ကေတတွေ ဆက်တိုက်ပြနေပြီး မိုးရေချိန် 0-10 mm ဝန်းကျင် နေ့စဉ်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
· စိုထိုင်းဆ (Humidity) ကို ကြည့်ရင်လည်း ညနေပိုင်းတွေမှာ 75% မှ 85% အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ကပ္ပလီပင်လယ် (Andaman Sea) တောင်ပိုင်းမှာ လေထုထဲ အစိုဓာတ်တွေ အလုံအလောက် ရောက်ရှိနေပြီဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားပါ။
ပုံမှန်အားဖြင့် မုတ်သုံလေဟာ မြန်မာနိုင်ငံထဲမဝင်မီ စုမတြာကျွန်းမြောက်ပိုင်းနဲ့ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ အရင် စတင်အခြေချလေ့ရှိပါတယ်။
သုံးသပ်ချက်: ယခုပြထားတဲ့ မေလ ၅ ရက်အထိ ခန့်မှန်းချက်မှာ လေလားရာက အနောက်တောင်ဘက်ကို တိတိကျကျ ဦးတည်နေပြီး မိုးတိမ်စုတွေ စတင်ဖြစ်ထွန်းနေတာကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေ စတင်အစပျိုး (Onset process) နေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီအခြေအနေကြောင့် မေလ ဒုတိယပတ်အတွင်းမှာ ဆိုမာလီဂျက် (Somalia Jet) အရှိန်နဲ့ ပေါင်းစပ်သွားမယ်ဆိုရင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်ကတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်း) ထဲကို မေလလယ် (သို့မဟုတ်) တတိယပတ်အတွင်း အချိန်မှန် ဝင်ရောက်လာဖို့ အခွင့်အလမ်း အလွန်များပါတယ်။
"အင်ဒိုနီးရှားနိုင်ငံ၊ စုမတြာကျွန်းမြောက်ပိုင်းတွင် အနောက်တောင်လေများ အားကောင်းလာပြီး မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းသည် ၂၀၂၆ မုတ်သုံရာသီ စတင်ရန် အစပျိုးနေသည့် လက္ခဏာဖြစ်သည်"
Somalia Jet (Findlater Jet) ဆိုတာက အာဖရိက၏ Somalia ကမ်းရိုးတန်းတလျှောက် မှာ မြင်တွေ့ရတဲ့ “လေထုအလွှာအနိမ့်ပိုင်းတွင် ဖြစ်ပေါ်သော (Low-Level Jet – LLJ) လေစီးကြောင်း” တစ်ခုဖြစ်ပါတယ်။
· အမြင့်: ~850 hPa (≈ 1–1.5 km)
· လေမြန်နှုန်း: 25–40 knots (တခါတရံ 50+ knots)
· လေတိုက်ရာဦးတည်ချက်: South → North-East (Cross-Equatorial Flow)
Somalia Jet လေစီးကြောင်းဟာ Southwest Monsoon စနစ်၏ “engine” လို့တောင်ခေါ်နိုင်ပါတယ်။
Somalia Jet ဖြစ်လာဖို့ အဓိက driving forces ၄ ခု ရှိပါတယ်—
(1) Mascarene High (Southern Hemisphere High Pressure) - အောက်ပုံတွင်ကြည့်ပါ 👇
· Indian Ocean တောင်ပိုင်း (Madagascar အနီး)
· အားကောင်းလာတဲ့ High Pressure ရပ်ဝန်းက → လေကို Equator ဘက်သို့ တိုက်ခတ်စေပါတယ်။
(2) Thermal Low over South Asia
· India + Pakistan + Tibetan Plateau နွေရာသီအပူကြောင့်
· Low Pressure ဖြစ်ပေါ် → လေကို မြောက်ဘက်သို့ ဆွဲခေါ်
(3) Cross-Equatorial Flow + Coriolis Effect
· Southern Hemisphere မှ လေဟာ Equator ကို ဖြတ်လာပြီး
· Northern Hemisphere ထဲဝင်တာနဲ့ Coriolis Force ကြောင့် ညာဘက်ကို ကွေ့ပြီး Southwest wind ဖြစ်လာပါတယ်။
(4) Land–Sea Thermal Contrast ပင်လယ်ပြင်နှင့်ကုန်းမြေအပူချိန်ဆက်စပ်ဖြစ်ပေါ်သည့်အခြေအနေ
· မြေပြင် အပူမြင့် (India)
· ပင်လယ် အပူနည်း (Arabian Sea) ➡️ Pressure gradient တိုးလာပြီး ➡️ Jet အားကောင်းလာ
🔸 Core Jet Region
· Somalia coast အနီးမှာ jet core အားအပြင်းဆုံး
· 850 hPa level မှာ maximum wind
🔸 Vertical Structure
· Low-level dominant (surface – 700 hPa)
· Upper level (200 hPa) မှာ Tropical Easterly Jet (TEJ) နဲ့ ဆက်စပ်
🔸 Jet Axis
· Somalia → Arabian Sea → India west coast → Bay of Bengal
4) Monsoon System ထဲမှာ အရေးပါမှု -
👉 အဓိက roles —
(1) Moisture Transport - Indian Ocean မှ ရေငွေ့များကို Arabian Sea → India → Myanmar သို့ ပို့ဆောင်ပေးသည်။
(2) Monsoon Onset Trigger Jet စတင်အားကောင်းလာတာနဲ့ အနောက်တောင်မုတ်သုံလေ Southwest Monsoon စတင်
(3) Rainfall Enhancement
o Western Ghats (India)
o Rakhine Yoma (Myanmar) ➡️ Orographic rainfall အလွန်များ
(4) Upwelling Effect (Arabian Sea)
Strong winds → Surface water ကိုတွန်းထုတ်လိုက်ခြင်းဖြင့် ပင်လယ်အောက်မှ ရေအေးများ ပင်ရေမျက်နှာပြင်သို့ တက်လာသည် (Cold water upwelling)၊ ထို့နောက် ပင်လယ်ရေမျက်နှာပြင်အပူချိန် SST ကျဆင်းလာပြီး ➡️ Marine ecosystem အပေါ် သက်ရောက်မှုရှိသည်။
6) မြန်မာနိုင်ငံအပေါ်သက်ရောက်မှု
Somalia Jet အားကောင်းလာရင် —
· Bay of Bengal moisture inflow တိုး
· Southwest Monsoon Myanmar သို့ မြန်မြန်ရောက်
· Rakhine & Delta rainfall စောစီး
· Central Dry Zone မိုးဝင်ချိန်ကိုလည်း ထိခိုက်
Somalia Jet အားနည်းရင် —
· Monsoon delay အနောက်တောင်မုတ်သုံလေအားလျော့ခြင်း/အားပြတ်ခြင်းနှင့် - Rainfall deficit မိုးရွာသွန်းမှုလျော့နည်းလာခြင်း ဖြစ်နိုင်
7) ENSO နှင့် ဆက်စပ်မှု
Somalia Jet ကို forecasting လုပ်ရာမှာ အောက်ပါ parameters တွေကို အမြဲစောင့်ကြည့်ကြသည် —
· 850 hPa Wind Speed (≥25 kt threshold)
· Mascarene High pressure strength
· Cross-equatorial flow index
· Arabian Sea SST anomalies
· Indian Heat Low intensity
· Somalia Jet = Monsoon Engine
· Starts: Mid-May
· Peak: June–August
· Drives: Moisture + Rainfall + Monsoon onset
၂၀၂၅ ခုနှစ်၊ အိန္ဒိယမိုးလေဝသဌာန IMD မှ ထုတ်ပြန်သည့် အနောက်တောင်မုတ်သုံလေဝင်ရောက်မှုအခြေအနေများ(Monsoon Advance Record)ကို နေ့စဉ်မှတ်တမ်းတင်ထားခဲ့ရာ၊ မေလ ၁၆ ရက်၊ အိန္ဒိယမိုးလေဝသဌာနထုတ််ပြန်ချက်မှာ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊
မုတ္တမကွေ့အထိ ရောက်ရှိလာပြီးဖြစ်ကြောင်းတွေ့ရပါတယ်။
မေလ ၁၃ ရက်၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်
မေလ ၁၄ ရက်၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်
မေလ ၁၅ ရက်၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ မုတ္တမကွေ့
မေလ ၁၆ ရက်၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ မုတ္တမကွေ့
မေလ ၂၁ ရက်မှာ စတင်ဖြစ်ပေါ်လိုက်တဲ့ လေဖိအားနည်းရပ်ဝန်း၊ အဲ့ဒီကမှ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာတဲ့ကာလအတွင်းမှာ မြန်မာနိုင်ငံအတွက် ရလိုက်တဲ့ အကျိုးအမြတ်က အနောက်တောင် မုတ်သုံလေကိုဆွဲသွင်းလိုက်တာကြောင့် ပူပြင်းခြောက်သွေ့နေရာက မြန်မာနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးရေးနဲ့ ဆည်တွေအတွက် လိုအပ်နေတဲ့မိုးတွေရလိုက်ကြတာပါဘဲ။
မေလ ၂၃ ရက် ၁၂၃၀ နာရီ
မေလ ၂၃ ရက် ၂၄၃၀ နာရီ
မေလ ၂၃ ရက်နေ့က စပြီး အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာတဲ့ အခြေအနေက ဘင်္ဂလားပင်လယ်အော်တောင်ဘက်က အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းလာစေပြီး တနင်္သာရီတိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မုတ်သုံဝင်ရောက်စေတာတွေ့ရပါမယ်။
မေလ ၂၄ ရက် ၁၂၃၀ နာရီ
မေလ ၂၅ ရက် ၁၂၃၀ နာရီ
မေလ ၂၄ ရက်နေ့မှာလဲ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ကမ်းခြေကိုဦးတည်ရွေ့လျားမဲ့ ဆိုင်ကလုန်းမုန်တိုင်းက အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းလာစေပါတယ်။
မေလ ၂၆ ရက် ၀၆၃၀ နာရီ
မေလ ၂၈ ရက် ၁၂၃၀ နာရီ
မေလ ၂၆ ရက်၊ ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ၊ အနောက်တောင်မုတ်သုံလေဟာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အားလျော့သွားပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဆက်လက်အားကောင်းနေတာ တွေ့ရပါမယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံ တနိင်ငံလုံးကို အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီးစီးတဲ့ အခြေအနေကိုရောက်သွားပါပြီ။
ဒါကြောင့် မိုးဦးကျအချိန်မှာ မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းများ ဘင်္ဂလားပငလယ်အော်အတွင်းဖြစ်လာပြီး မြန်မာနိုင်ငံကို တိုက်ရိုက်မဝင်ဘူးဆိုရင် မုန်တိုင်းတိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခြင်းခံရတဲ့ ဘေးအန္တရာယ်က လွတ်မြောက်ပြီး အကျိုးများစေတဲ့ အနောက်တောင် မုတ်သုံလေကိုလျှင်မြန်စောစီးစွာ ဝင်ရောက်စေကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။
တနင်္သာရီတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံစတင်ဝင်ရောက်တော့မည်
=====
ယနေ့ မေလ ၁၉ ရက်နေ့တွင် သီရိလင်္ကာကျွန်းတောင်ပိုင်းအစွန်နှင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားကျွန်းဆွယ်တို့တွင် အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်ကြောင်း အိန္ဒိယမိုးလေဝသဌာန(IMD)မှ MONSOON INFORMATION ပုံဖြင့်ထုတ်ပြန်ကြေညာကြောင်းတွေ့ရပါသည်။
နွေမုတ်သုံနှင့်ဆောင်းမုတ်သုံလေတိုက်ခတ်သည့်အခြေအနေပြပုံ
မုတ်သုံလေ
အာရေဗျဘာသာဖြင့် Mausam(မော်ဆန်) သို့မဟုတ် Monsoon ဟုခေါ်သည့် ရာသီလေ(Seasonal Wind) ဖြစ်သည်။ မုတ်သုံလေကို ရှေးလွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက အာရေဗျပင်လယ်အတွင်းမှ ငါးဖမ်းလုပ်သားများက စတင်တွေ့ရှိခဲ့ကြောင်း၊ နှစ်စဉ်အချိန်မှန် အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ တိုက်ခတ်သောလေတိုက်ခတ်ခြင်းကို သတိထားမှတ်သားမိကြရာက နွေမုတ်သုံလေနှင့် ဆောင်းမုတ်သုံလေများအဖြစ် ကျွန်ုပ်တို့ သိရှိနားလည်လာကြရခြင်းဖြစ်သည်။
အာရှတိုက်အတွင်းတွင်သာတိုက်ခတ်တတ်သည့် ရာသီလေအမျိုးအစားဖြစ်သဖြင့် "အာရှမုတ်သုံလေ" Asia Monsoon ဟုလည်းခေါ်ကြသည်။
နွေမုတ်သုံနှင့် ဆောင်းမုတ်သုံ
နွေမုတ်သုံ ခေါ် Summer Monsoon သည် ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး ပူနွေး၍စွတ်စိုသော ပင်လယ်လေအမျိုးအစားဖြစ်ကာ အနောက်တောင်မုတ်သုံလေ ဟုလည်း သိကြသည်။ နွေမုတ်သုံလေတိုက်ခတ်သည့်ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းအစရှိသော ထူးခြားပြင်းထန်သည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်သည်။ ဤထူးခြားပြငိးထန်သော မိုးလေဝသအဖြေအနေများကြောင့် အနောက်တောင်မုတ်သုံလေ(နွေမုတ်သုံ)ကို ပိုမို၍အသိများကြသည်။
အာရှမုတ်သုံကျရောက်သည့်နိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံတွင် တနှစ်အတွင်းရွာသွန်းသောမိုးရေချိန်၏ ၉၀% ကို နွေမုတ်သုံကာလအတွင်းရရှိပြီး ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့ဒေသများ၌ တနှစ်ပတ်လုံးရွာသွန်းသောမိုးရေချိန်၏ ၉၇% အထိမြင့်မားကြောင်း သိရသည်။
ဆောင်းမုတ်သုံ ခေါ် winter Monsoon သည် ဒီဇင်ဘာလမှ ဧပြီလအတွင်း အရှေ့မြောက်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး အေးမြ၍ခြောက်သွေ့သောလေအမျိုးအစားဖြစ်ကာ အရှေ့မြောက်မုတ်သုံလေ ဟုလည်း သိကြသည်။ အရှေ့မြောက်အရပ်မှ တိုက်ခတ်လာသည့် ဆောင်းမုတ်သုံလေသည် အေးမြခြောက်သွေ့နေသော်လည်း ပင်လယ်မှတိုက်ခတ်သည့်လေနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တိုက်ခတ်လာသည့်လေတို့တွင်ပါဝင်သော ရေခိုးရေငွေ့များတိမ်တိုက်များနှင့်ထိတွေ့ကာ ဆောင်းမုတ်သုံကာလဖြစ်သော ဒီဇင်ဘာလမှ ဧပြီလအတွင်း အချိန်အခါမဟုတ်မိုးများရွာသွန်းတတ်သည်။ ဤအချိန်ကာလအတွင်းရွာသွန်းတတ်သည့်မိုးများကြောင့် ရိတ်သိမ်းချိန်ရောက်နေသည့် သီးနှံများပျက်စီးစေတတ်သောမိုးဖြစ်သောကြောင့် "ဖျက်မိုး"ဟုလည်းခေါ်ကြ၏။
မုတ်သုံဝိသေသလက္ခဏာများ
မုတ်သုံလေဝင်ရောက်မှုစောခြင်း/နောက်ကျခြင်း၊
မုတ်သုံလေအားကောင်းခြင်းနှင့်အားနည်းခြင်း၊
မုတ်သုံလေတန့်ခြင်း၊
မုတ်သုံလေအားပြတ်ခြင်း၊
မုတ်သုံမုန်တိုင်းများဖြစ်ပေါ်မှု များခြင်း/နည်းခြင်း .. စသည်တို့သည် မုတ်သုံဝိသေသလက္ခဏများဖြစ်ကြသည်။
မုတ်သုံမုန်တိုင်းအဖြစ်များသော်လည်း မိုးလျော့နည်းနေခြင်း၊ မုန်တိုင်းများအဖြစ်နည်းသော်လည်း မိုးများနေခြင်း စသည့်ဖြစ်ရပ်များသည် မုတ်သုံလေအချက်အလက်များ(Monsoon Elements)များပေါ်တွင်မှီလျှက် အလှည့်အပြောင်းများတတ်ကြောင်းလည်း သိရှိနားလည်ထားရန်လိုအပ်သည်။
အယ်လ်နီညိုနှင့်လာနီညာကဲ့သို့သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့်လည်းကောင်း၊ ဖေဖေါ်ဝါရီနှင့် မတ်လအတွင်း ဥရောပအလယ်ပိုင်း၌ ရေကြီးတတ်သည့်နှစ်များကြောင့်လည်းကောင်း၊ ထုထည်ကြီးမားသည့်မီးခိုးငွေ့များရွေ့လျားသည့်အခြေအနေများ၊ မီးတောင်ပေါက်ကွဲခြင်းကြောင့်ထွက်ပေါ်လာသည့် ဖုန်မှုန့်များ ကမ္ဘာ့လေထုအထက်လွှာအတွင်းရောက်ရှိပြီး နေရောင်ခြည်ရရှိမှုလျော့နည်းစေခြင်းကြောင့်လည်းကောင်း "ပြင်ပတနေရာမှ မိုးလေဝသဖေါက်ပြန်သည့်ဖြစ်စဉ်များသည် နွေမုတ်သုံမိုးခန့်မှန်းရာ၌ ထည့်သွင်းစဉ်းစားကြရမည့်အချက်များဖြစ်ကြောင်း (၆-၁၀-၉၃)နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာတွင် မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာဦးထွန်းလွင် ရေးသားခဲ့သည့် ဆောင်းပါးတပုဒ်တွင် လေ့လာမှတ်သားခဲ့ရသည်။
နွေမုတ်သုံ(အနောက်တောင်မုတ်သုံ) နှင့် ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံ)
နွေမုတ်သုံ(အနောက်တောင်မုတ်သုံလေ)ကို ကောင်းစွာသုတေသနပြုပြီး နားလည်ထားကြပြီးဖြစ်သော်လည်း၊ ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံလေ)တိုက်ခတ်သည့်ရာသီကို ကောင်းစွာနားလည်ရန်မှာ ပြည်ပမိုးလေဝသဌာနများနှင့် သုတေသနပြုသိပ္ပံပညာရှင်များထံမှ ပြည့်စုံသောသတင်းအချက်အလက်မရရှိနိုင်သဖြင့် အလုံးစုံနားလည်နိုင်ခြင်းမရှိသေးပေ။
"ဆောင်းမုတ်သုံ"သည် နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအတွင်း အာရှအရှေ့ပိုင်းဒေသများရှိ လေဖိအားများရပ်ဝန်းတို့၏ တွန်းအားကြောင့် အရှေ့မြောက်အရပ်မှအနောက်တောင်အရပ်သို့ ဦးတည်တိုက်ခတ်လာသောတိုက်ခတ်လာပြီး အရှေ့တောင်အာရှဒေသများကိုကျော်ဖြတ်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းအစွန်အထိ ရောက်အောင်တိုက်ခတ်သော အေးမြခြောက်သွေ့သောလေဖြစ်သည်။ နွေမုတ်သုံရာသီနှင့်ဆောင်းမုတ်သုံရာသီတို့ကို အာရှတိုက်တွင်သာတွေ့သဖြင့် "အာရှမုတ်သုံ"ဟုလည်းခေါ်ကြသည်။
အာရှ"ဆောင်းမုတ်သုံရာသီ"သည် စိုက်ပျိုးရေးမှ စားနပ်ရိက္ခာအများဆုံးထုတ်လုပ်ပေးလျှက်ရှိသော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဂျပန်တို့၏ ကမ်းရိုးတန်းဒေသအချို့သို့ မိုးရွာသွန်းမှု ဖြစ်ပေါ်စေပြီး စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အပြင် ရေကြီးခြင်း၊မြေပြိုခြင်းတို့နှင့်ဆက်စပ်သော သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်စေသည်။ ဆောင်းမုတ်သုံရာသီ ဖေါက်ပြန်ပြောင်းလဲမှုများ ရှိလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်အထက်ဖေါ်ပြပါ သဘာဝကပ်ဘေးများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ခြင်းအပေါ် မရေရာသော အတားအဆီးများကိုဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံတွင်မူ ဆောင်းမုတ်သုံကြောင့် ကြီးမားသော သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိသလောက်နည်းပါးပြီး အချိန်အခါမဟုတ်မိုးများရွာသွန်းတတ်သော်လည်း မိုးရေချိန်မများပဲ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိတိုက်ခတ်နိုင်ကြောင်း တွေ့ရ၏။
အထူးသဖြင့် အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ ဖြစ်စဉ်များ ဖြစ်သည့်ကာလများတွင် ဇန်နဝါရီလမှ ဧပြီလအတွင်း အရှေ့ဘက်မှ ဝင်ရောက်လာသော အားကောင်းသည့်လေအေးစီးကြောင်းနှင့် ပင်လယ်ပြင်မှ ရေခိုးရေငွေ့များပါဝင်သည့်တိမ်တိုက်အနည်းငယ်နှင့် ထိတွေ့ကာ မိုးထစ်ချုန်းရွာခြင်း၊ လေတိုက်နှုန်းများခြင်း စသည့် ရာသီဥတုဖေါက်ပြန်ပြောင်းလဲခြင်းများကို ကြုံရတတ်လေသည်။
ကမ္ဘာသုံး သင်္ချာပုံစံမိုးလေဝသခန့်မှန်းရေး မော်ဒယ်များကလည်း ဆောင်းမုတ်သုံရာသီနှင့်ပတ်သက်သည့် အချက်အလက်များထုတ်ပြန်မှုကို ၅၀% အထိ လျှော့ပေါ့တွက်ချက်ထုတ်ပြန်ခဲ့ကြခြင်းကြောင့် မထင်မှတ်ဘဲကျရောက်လာတတ်သည့် သဘာဝဘေးများအကြောင်း နားလည်မှုကွာဟချက်သည် ဆောင်းမုတ်သုံရာသီအတွင်း စားနပ်ရိက္ခာထုတ်လုပ်ခြင်းအား မရေရာမသေချာမှုများစွာဖြစ်ပေါ်စေသည်။
ခေတ်သစ် သင်္ချာပုံစံ-မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေးမော်ဒယ်များက နွေမုတ်သုံရာသီနှင့် ဆောင်းမုတ်သုံရာသီတို့သည် ဆက်နွယ်မှုရှိနေကြောင်း၊ မုတ်သုံရာသီ ၂ ခု၏ ဆက်စပ်ဆက်နွယ်မှုသည် ရှေးနှစ်ပေါင်းများစွာက ရေခဲခေတ် အချိန်ကပင်ရှိခဲ့ကြောင်း ထင်မြင်ယူဆချက်များရှိနေသော်လည်း ဤယူဆချက်အား သက်သေပြနိုင်ရန် ဆက်လက်၍သုတေသနပြုလေ့လာနေကြရဆဲဖြစ်ကြောင်း သိရပေသည်။
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့လည် ၁၂ နာရီတွင် တွေ့မြင်ရသော ဆောင်းမုတ်သုံအားကောင်းနေသည့် အခြေအနေ
photo: ထိုင်းမိုးလေဝသဌာန(TMD)
နွေရာသီ
မတ်လ ၁ ရက်မှ ဧပြီလ ၁၅ ရက်
မိုးကြိုရာသီ
ဧပြီလ ၁၆ ရက်မှ မေလ ၁၅ ရက်အထိ
မိုးဦးရာသီ
မေလ ၁၆ ရက် မှ ဇွန်လ ၃၀ ရက်အထိ
မိုးလယ်ရာသီ
ဇူလိုင်လ ၁ ရက် မှ ဩဂုတ်လ ၃၁ ရက်အထိ
မိုးနှောင်းရာသီ
စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ
မိုးလွန်ရာသီ
အောက်တိုဘာလ ၁၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ
မိုးဦးကာလကို ဧပြီလ ၁၅ ရက်မှ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ချိန်အထိ သတ်မှတ်ပြီး၊ မိုးရာသီကာလကို မုတ်သုံစတင်ဝင်ရောက်ချိန်မှ ဆုတ်ခွာချိန်အထိလည်းကောင်း၊ မိုးလွန်ကာလကို မုတ်သုံဆုတ်ခွာပြီးချိန်မှ နိုဝင်ဘာလကုန်အထိလည်းကောင်း ယေဘူယျအားဖြင့်သတ်မှတ်ထားသည်။
၂၀၂၄ မုတ်သုံအဝင် ဘယ်လိုဖြစ်နိုင်မလဲ?
ရက်ဝေး Seasonal Forecast တွေမှာ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်း ၂ ခုကို ယှဉ်ပြီး ကြည့်တဲ့အခါ မကွေးတိုင်းက ပိုပြီးပူပြင်းပေမဲ့၊ ရာသီဥတုပြောင်းသွားနိုင်တဲ့အခြေအနေတွေက အတူတူလောက်ပါဘဲ။ အပူချိန်က ဇွန်လထဲရောက်မှ စတင်ကျဆင်းလာနိုင်မှာဖြစ်ကြောင်းတွေ့ရပြီး မိုးရွာနိုင်တဲ့အခြေအနေကတော့ ဇွန်လထဲအထိ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာသာ ရွာသွန်းမြဲအထက်ပိုနိုင်မယ်ဆိုတာတွေ့ရပါတယ်။
အိန္ဒိယမိုးလေဝသဌာနကသတင်းစာရှင်းလင်းပွဲတခုမှာတော့ လာနီညာဖြစ်လာမဲ့အချိန် ဩဂုတ်-စက်တင်ဘာဝန်းကျင်လောက်မှာ အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းနိုင်ချေသည် ပုံမှန်ထက်များနေနိုင်မယ် လို့ဆိုပါတယ်။ အခြားသော အပြည်ပြည်ဆိုင်ရာရာသီဥတုခန့်မှန်းအဖွဲ့တွေကတော့ လာနီညာတခုထဲနဲ့တော့ မိုးရွာသွန်းမှု ပုံမှန်ထက်များလာစေနိုင်မှာမဟုတ်ဘူးလို့လဲ သုံးသပ်ကြပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့တော့ မိုးလေဝသဖြစ်လာနိုင်ချေတွေက အိမ်နီးချင်းနိုင်ငံများအတိုင်းဖြစ်လာနိုင်မယ်လို့ ထပ်တူထပ်မျှယူလို့ မရပြန်ပါဘူး။ နိုင်ငံတနိုင်ငံချင်းစီရဲ့ မြေမျက်နှာသွင်ပြင်၊ ပင်လယ်ကမ်းရိုးတန်းများရဲ့ ပင်လယ်နဲ့ထိစပ်မှုအခြေအနေတွေ မတူကြတဲ့အတွက် ပင်လယ်ဘက်ကဝင်လာမဲ့ လေစီးကြောင်းတွေ၊ အထက်အမြင့်မှာရှိနေတဲ့ Steering layers တွေနဲ့ ပင်လယ်လေမှာပါဝင်တဲ့ ရေခိုးရေငွေ့ပမာဏတွေကလဲ မတူကြလို့ပါဘဲ။
ကျနော်တို့ မှတ်ထားရမှာက -
မိုးဦးရာသီက ဇွန်လကုန်အထိအကျုံးဝင်တာကြောင့် ပြီးခဲ့တဲ့နှစ်က တနိုင်ငံလုံးကို မုတ်သုံဝင်ပြီးတဲ့အချိန် ဇွန်လ ၈ ရက် ၉ ရက်ထက်နောက်ကျနိုင်မလားဆိုတာ စောင့်ကြည့်ကြရပါမယ်။ မုတ်သုံအဝင်ပုံမှန်ထက်နောက်ကျရင် မိုးဦးကာလပိုပြီးရှည်လျားမယ်၊ ဒီကာလထဲဖြစ်တတ်တဲ့ မုန်တိုင်းတွေက အားကောင်းနိုင်ပါမယ်။ ၂၀၂၃ ခုနှစ် မိုးဦးကာလမှာတွေ့ရတဲ့ "ဆိုင်ကလုန်းမုန်တိုင်း MOCHA"ကိုကြည့်ပါ။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်(SST-Sea Surface Temperature)တွေက ၂၀၂၄ ခုနှစ် မေလရဲ့ SST ထက် ပိုနည်းကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် မိုးဦးကာလအတွင်း မုန်တိုင်းဖြစ်လာရင်တော့ ဘယ်နိုင်ငံကမ်းခြေကိုဦးတည်ရွေ့လျားနိုင်မယ်မသိရပေမဲ့ အားကောင်းမှာတော့ သေချာလွန်းနေပါတယ်။
ရက်ဝေးခန့်မှန်းချက်တွေမှာတော့ မိုးလယ်ရာသီဖြစ်တဲ့ ဇူလိုင်လဆန်း ၁ ရက်မှ ဩဂုတ်လကုန်အတွင်း မိုးကောင်းကောင်းမရွာနိုင်သေးကြောင်းလဲ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရတာကြောင့် လာနီညာဖြစ်ချိန် IOD Positive ဖြစ်ချိန်နဲ့ တိုက်ဆိုင်ပြီး ပင်လယ်မှာဖြစ်လာမဲ့ ထူးခြားမိုးလေဝသအခြေအနေတွေက မုတ်သုံကိုအားကောင်းလာစေမလားဆိုတာ စောင့်မျှော်ကြရပါဦးမယ်။
မေး - ITCZ zone ဟာ Tropic of Cancer နဲ့ Tropic of Capricorn ကြားမှာ ရွေ့လျား မှုရှိနေပြီး မုတ်သုံကိုဖြစ်ပေါ်စေတယ်လို မှတ်သားရပါတယ်။ မုန်တိုင်းဖြစ်ပေါ်နေမှုကြောင့် မုတ်သုံကို နှိးဆွပေးနိုင်မှုဟာ ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်ပါသလဲခင်ဗျ။ ရေခိုးရေငွေ့ အများအပြားရရှိပြီးစိုထိုင်းမှုနဲ့ရော သက်ဆိုင်နေပါသလားဆရာ။ ITCZ နဲ့ Monsoon ဆက်စပ်နေမှုကိုလည်းရှင်းပါပေးစေခြင်ပါတယ် ဆရာခင်ဗျ။ မုတ်သုံ အဝင် အထွက် စောတာ နောက်ကျတာကိုလည်းဘယ်အရာကနေ ဖြစ်ပေါ်စေတာပါလဲ ခင်ဗျ။
ဖြေ - ITCZ(The Intertropical Convergence Zone) မြောက်နဲ့တောင်ယဉ်စွန်းတန်း ၂ ခု(Tropic of Cancer နဲ့ Tropic of Capricorn)ကြားမှာရှိတဲ့ ဇုန်ကိုခေါ်တာဖြစ်ပြီး Troposphere လေထုလွှာအတွင်း လေဖိအားနည်းဖြစ်စဉ်တွေ၊ Convection and Updraft(လေပွေလှိင်းနဲ့အထက်ပင့်လေစီးကြောင်းတွေ)ဖြစ်စေတဲ့ဇုန်လဲဖြစ်ပါတယ်။ ITCZ က အလျားလိုက်ရွှေ့လျားမှုရော အထက်အောက်ရွေ့လျားမှုရောဖြစ်စေတဲ့ လေစီးကြောင်းများဖြစ်ပေါ်စေပြီး ကမ္ဘာလည်ပတ်ခြင်းအရှိန်ရဲ့သက်ရောက်မှု COLIOLIS EFFECT ကြောင့် လေစီးကြောင်းလားရာတွေပြောင်းပြီး အနောက်တောင်မုတ်သုံလေ/အရှေ့မြောက်မုတ်သုံလေစီးကြောင်းများဖြစ်ပေါ်စေပါတယ်။
မုန်တိုင်းဖြစ်တဲ့အခါ လက်ဝဲရစ်လေစီးကြောင်းက အနောက်တောင်လေစီးကြောင်းကိုရော အရှေ့မြောက်လေစီးကြောင်းကိုရောအားကောင်းလားစေတာကြောင့် မုတ်သုံလေအားကောင်းခြင်းဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့အခါ "အပူချိန်၊ လေဖိအားနဲ့ ရေခိုးရေငွေ့ပါဝင်မှုအနည်းအများ"ဆိုတာတွေက "မုန်တိုင်းရဲ့အစာ"ဖြစ်တာကြောင့် မုန်တိုင်းတစ်လုံး အားကောင်းခြင်း/အားနည်းခြင်းခြင်းအပေါ်သက်ရောက်မှုကောင်းကောင်းဖြစ်စေတဲ့အချက်တွေလဲ ဖြစ်ပါတယ်။
မုတ်သုံအဝင်အထွက်စောခြင်းနောက်ကျခြင်းတွေက အရှေ့က အနောက်ကို ပုံမှန်စီးဆင်းနေတဲ့ ကုန်သည်လေစီးကြောင်း(Trade Winds)ကို သက်ရောက်မှုဖြစ်စေတဲ့ အယ်လ်နီညို/လာနီညာဖြစ်စဉ်တွေကြောင့်ပါဘဲ။ အယ်နီညို-လာနီညာမဖြစ်ပဲ Neutral ဖြစ်နေချိန်တွေမှာ မုတ်သုံအဝင်အထွက်အချိန်တွေက နှစ်စဉ်ပုံမှန်အချိန်(မြန်မာနိုင်ငံမှာဆိုရင် မေလ ၂၂ ရက် မှ ဇွန်လ ၁ ရက်အတွင်း မုတ်သုံဝင်ချိန်ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်းက မုတ်သုံပုံမှန်ဆုတ်ခွာချိန်တွေ)ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်(Facebook)
တောင်အမေရိကတိုက်နဲ့ ဩစတေးလျတိုက်တို့ကို ဆက်စပ်ထားသောတောင်ပိုင်းလေထုလည်ပတ်မှု(Southern Oscillation) သည် အယ်လ်နီညိုဖြစ်သည့်အချိန်နှင့်ဆက်စပ်သည့်အခါ "တောင်ပိုင်းလေထုလည်ပတ်မှုပုံစံပျက်စီးခြင်း"ဖြစ်သည်၊ ဤအခြေအနေကို လေ့လာမှတ်တမ်းယူပြီး ကမ္ဘာ့ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ရက်နီး/ရက်ဝေးခန့်မှန်းများဆောင်ရွက်ရာ အယ်လ်နီညိုနှင့် တောင်ပိုင်လေထုဆက်စပ်မှုများကို လေ့လာရာတွင် El Nino + Southern Oscillation => El Nino Southern Oscillation - ENSO ဟု ခေါ်ကြကာ၊ အယ်လ်နီညို ဖြစ်သောနှစ်များကို "ENSO YEAR"ဟုပင် အမည်ပေးထားကြသည်။
၁၉၈၂ ခုနှစ်က ဖြစ်ခဲ့သော အားအလွန်ကောင်းသည့် အယ်လ်နီညိုသက်ရောက်မှုကြောင့် ကမ္ဘာတဝှမ်းလုံးတွင် ရာသီဥတုများ ကမောက်ကမဖြစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်မှ ၁၉၉၈ ခုနှစ် အထိ မိုးဆက်တိုက်လျော့နည်းခဲ့သည်။
ဖေဖေါ်ဝါရီလတွင် ဥရောပအလယ်ပိုင်း၌ရေကြီးပါက မေလအတွင်း မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်ခြင်း နောက်ကျတတ်သည်။ မုတ်သုံအားလည်းနည်းနေတတ်သည်။ မိုးရွာသွန်းမှုလည်း နည်းနေတတ်၏။ ထို့အပြင် ဒီဇင်ဘာလတွင် တောင်အမေရိကတိုက်နိုင်ငံများ၌ မိုးများပြီး ရေကြီးပါက အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့အဝင်နောက်ကျပြီး၊ ဆောင်းရာသီကာလအတွင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဒေသများ၌ အအေးပေါ့နေခဲ့လျှင် နောက်နှစ်မိုးရာသီအတွင်း မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေအဝင်စောကာ မိုးဦးလည်းကောင်းတတ်လေသည်။
၂၀၂၄ ခုနှစ် ဥရောပတခွင်တွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် ရေနှင့်ပတ်သက်သည့် သဘာဝဘေးများဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက
အယ်လ်နီညို၏သက်ရောက်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်မှုဖြစ်ပြီး ဥရောပနိုင်ငံများတွင် ဆိုးရွားသောရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့၏။
အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင်လည်း ၂၀၂၄ ဆောင်းရာသီတွင် အအေးပေါ့ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် "ဖေဖေါ်ဝါရီလတွင် ဥရောပအလယ်ပိုင်း၌ရေကြီးပါက မေလအတွင်း မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်ခြင်း နောက်ကျတတ်သည်။ မုတ်သုံအားလည်းနည်းနေတတ်သည်။ မိုးရွာသွန်းမှုလည်း နည်းနေတတ်၏" ဆိုသည်ကို ပြန်ကောက်ရလျှင် ၂၀၂၄ ခုနှစ် မုတ်သုံရာသီအတွင်း မုတ်သုံလေအားကောင်းပြီး မိုးကောင်းနိုင်မည့်ပုံမပေါ်ချေ။
ဤပင်လယ် ၃ ခုသည် မိုးလေဝသဖြစ်စဉ်များနှင့် ကိုင်းကျွန်းမီ-ကျွန်းကိုင်းမီဖြစ်နေကြသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းမှ မာဒါဂတ်စကာကျွန်းအနီး လေဖိအားများရပ်ဝန်း H ဖြစ်ပြီး အားကောင်းလာသည့်အခါ ကမ္ဘာ့တောင်ဘက်ခြမ်းမှ မြောက်ဘက်သို့ အီကွေတာဖြတ်လေစီးကြောင်းများလည်းအားကောင်းလာသည်။ ထိုအခါ အိန္ဒိယအနောက်ဘက်ကမ်းခြေဒေသများတွင် မုတ်သုံလေအားကောင်းလာပြီးနောက် ထိုလေများ အနောက်ဘက်မှအရှေ့ဘက်သို့ ဆက်လက်ရွေ့လျားဝင်ရောက်လာသည့်အခါ ဘင်္ဂလားပင်လယ်အော်မှ အနောက်တောင်မုတ်သုံလေကို အားကောင်းလာစေ၏ - (အောက်ပုံတွင် ကြည့်ပါ)။ အနောက်တောင်လေစီးကြောင်းများ အားအလွန်ကောင်းလာသည့်အခါ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများကို အရှေ့ဘက်သို့တွန်းထုတ်လိုက်သဖြင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းများ မြန်မာနိုင်ငံဘက်သို့ဝင်ရောက်မှုကျဲသွားသည်။
တောင်တရုတ်ပင်လယ်တွင် အရှေ့ဘက်(ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်)မှ မုန်တိုင်းများဝင်ရောက်လာသည့်အခါတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားကျပြီး မုတ်သုံလေအားကောင်းလာကာ မြန်မာ့ကမ်းရိုးတန်းဒေသများတွင်မိုးရွာစေ၏။ အရှေ့ဘက်မှ တိုင်ဖွန်းမုန်တိုင်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ် - ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို မြောက်လတ္တီဒ် ၁၂ ဒီဂရီအောက်မှ ဖြတ်လျှင် မြန်မာ့ကမ်းရိုးတန်းတလျှောက်မိုးများရွာစေ၏။ မုန်တိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ်ကမ်းကို ကျော်လာပြီး ရက်သတ္တပတ် ၁ ပတ်အကြာတွင် ဘင်္ဂလားပင်လယ်၌ မုန်တိုင်းဖြစ်တတ်သည်။ မိုးနှောင်းကာလနှင့် မိုးလွန်ကာလများအတွင်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သည့် မုန်တိုင်းများ၏ ၈၀% သည် တောင်တရုတ်ပင်လယ်မှ ဆက်လက်ရွေ့လျားလာသော မုန်တိုင်းအကြွင်းအကျန်များကြောင့် အားပြန်ပျိုးပြီးဖြစ်လာခြင်းဖြစ်၏။
၂၀၂၄ ခုနှစ်သည် အားအသင့်အတင့်ရှိသော အယ်လ်နီညိုနှစ်အဖြစ်သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်အစပိုင်းတွင် ဥရောပတခွင်၌ ရေကြီးရေလျှံခြင်းများဆိုးရွားစွာဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင်လည်း ၂၀၂၄ ဆောင်းရာသီတွင် အအေးပေါ့ခြင်းမရှိခဲ့ပေ - ထို့ကြောင့် ၂၀၂၄ ခုနှစ်မိုးရာသီတွင် မိုးဦးမိုးလယ် မကောင်း၊ မုတ်သုံအားနည်း၊ မိုးနည်းနိုင်မည်ဟု သုံးသပ်ခန့်မှန်းရပေသည်။
References:
=========
မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာ ဦးထွန်းလွင်၏ ၂၅-၁၁-၉၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ "အေ-ဘီ-စီ ဆက်စပ်မှု" ဆောင်းပါး
ခုအချိန်မှာ တိမ်တွေဝင်လာလို့ မိုးရွာပြန်ရင်လဲမိုးတွင်းမဟုတ်တာကြောင့် မိုးကမြေကြီးအေးသွားသည်အထိ ဆက်ရွာနိုင်တဲ့၊ မိုးများနိုင်မဲ့ ဒေသအတော်နည်းပါတယ်။ အချိန်အခါမဟုတ်မိုး နွေရာသီမှာရွာတဲ့အခါ ဖုန်သိပ်ရုံ အပူပြန်ရုံနဲ့ မျက်စေ့နာရုံလောက်ပဲ ရွာတာက များပါတယ်။
(မိုးရွာမယ်မရွာဘူးဆိုတာလောက်ပဲ သိချင်ရင်တော့ ကျော်သွားလိုက်ပါ။ Climatology ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ လေ့လာချင် စပ်စုချင်ရင်တော့ ဆက်ဖတ်ပါ)
ဘာကြောင့်လဲဆိုတော့ အချိန်အခါမဟုတ်မိုးလေးရွာလိုက်ပြန်ပူလိုက်ကို မျှော်လင့်တောင့်တနေမဲ့အစား တကယ်မျှော်လင့်ကြရမှာက အနောက်တောင်မုတ်သုံလေနဲ့ မုတ်သုံမိုးပါဘဲ။ အနောက်တောင်မုတ်သုံလေဝင်လာပြီး မိုးရာသီပီပီပြင်ပြင်ဖြစ်လာမှသာ လိုအပ်နေတဲ့ မိုးရေချိန်ပမာဧတွေကို ဆက်ပြီး မျှော်လင့်နိုင်ကြမှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ မုတ်သုံရာသီအခြေအနေကို ခန့်မှန်းနိုင်အောင် အမြဲစောင့်ကြည့် လေ့လာနေပါတယ်။
အယ်လ်နီညိုနဲ့ အနောက်တောင်မုတ်သုံလေ ဆက်စပ်ပုံအကြောင်းကိုလဲ Website မှာ ကြိုတင်ပြီးအသေးစိတ်ရှင်းပြပေးထားပါတယ်။
လေ့လာနိုင်အောင် တိုက်ရိုက် link ပြန်ချပေးထားပါမယ်။
https://www.mmweather.org/about-monsoon#h.e7nz1pb4rh3d
ကျနော်တို့လိုရင်းကို ပြန်ဆက်ကြရရင် - မုတ်သုံဝင်လာဖို့ကအဆင်သင့်ဖြစ်ပြီလား? မေးခွန်းအတွက် လေ့လာထားတာတွေ တင်ပြပေးပါ့မယ်။
အနောက်တောင်မုတ်သုံဝင်လာဘို့ အဆင်သင့်မဖြစ်သေးသလို အစပျိုးတဲ့အဆင့်လဲ မရောက်သေးတာတွေ့နေရတုန်းပါ။
အဲ့ဒါကြောင့် - မုတ်သုံဘာကြောင့် အစမပျိုးနိုင်သေးသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်တဲ့အခါ -
ပထမ တချက်အနေနဲ့ - အယ်လ်နီညိုဖြစ်စဉ် NEUTRAL ဖြစ်သွားပြီလို့ဆိုပေမဲ့ ဧပြီလနဲ့ မေလအတွင်းအပူချိန်မြင့်တက်မှုတွေဖြစ်စေဘို့အတွက် အယ်လ်နီညိုရဲ့အရှိန်သက်ရောက်မှုက ခပ်ငွေ့ငွေ့ကျန်နေတုန်းပါဘဲ။ အယ်လ်နီညိုဖြစ်နေရင် အရှေ့ဘက်က ကုန်သည်လေစီးကြောင်း(Trade Winds)အားနည်းသွားတယ်၊ အနောက်လေစီးကြောင်းအားကောင်းလာတယ်ဆိုတဲ့ လေစီးကြောင်းအခြေအနေပြောင်းလဲမှုက အိန္ဒိယသမုဒ္ဒရာရဲ့ အီကွေတာဒေသအတွင်း ကျန်နေဆဲပါဘဲ။ ဒါကြောင့်လဲ ဩစတေးလျှမိုးလေဝသဌာနထုတ်ပြန်ချက်မှာ - "လာနီညာဖြစ်လာနိုင်ချေနဲ့ အင်အားကို တိတိကျကျခန့်မှန်းထုတ်ပြဖို့အတွက် လက်ရှိဖြစ်လာတဲ့ ENSO Neutral သည် - ဇူလိုင်လနောက်ပိုင်းဘယ်လိုဖြစ်နိုင်မယ်ဆိုတဲ့အခြေအနေကိုစောင့်ကြည့်ပြီး ခန့်မှန်းရမှာဖြစ်ကြောင်း" သတိပေးထားပါတယ်။
ဒုတိယတချက်အနေနဲ့ - မာဒါဂတ်စကားကျွန်းအထက်နားမှာ လေဖိအားများရပ်ဝန်းလဲ ဖြစ်မလာသေးပဲ ဩစတေးလျှတိုက်မြောက်ဘက်မှာ မုန်တိုင်းဖြစ်နိုင်မဲ့ အငွေ့အသက်တွေ မကုန်သေးတာကို အခုဖြစ်နေတဲ့ INVEST-91P က ပြနေပါတယ်။
ဒီ အချက် ၂ ချက် ကိုအခြေခံပြီး အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း အိန္ဒိယအနောက်ဘက်က အာရေဗျပင်လယ်မှာ ဘယ်အချိန် အနောက်တောင်လေစီးကြောင်းအားကောင်းလာမယ်ဆိုတာကိုလဲ စောင့်ကြည့်နေရပါမယ်။
ခုချိန်အထိတော့ မုတ်သုံအစပျိုးပြီး မိုးရာသီစတင်လာနိုင်ဖို့အတွက် IOD positive ကိုအားကိုးရမဲ့ အခြေအနေပါဘဲ။