2025 - WEATHER FORECAST
၂၀၂၅ ခုနှစ် အတွင်းဖြစ်ပေါ်နိုင်သည့် ရာသီဥတုနှင့်မိုးလေဝသဖြစ်စဉ်များ
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
၂၀၂၅ ခုနှစ် အတွင်းဖြစ်ပေါ်နိုင်သည့် ရာသီဥတုနှင့်မိုးလေဝသဖြစ်စဉ်များ
ဧပြီလ - ကချင်ပြည်နယ်တွင် ဧပြီလ၏ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်များအောက် ၄၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ လျော့နည်းရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့် ရွာသွန်းနိုင်ပါမည်။
မေလ - ကချင်ပြည်နယ်အထက်ပိုင်းတွင် ရွာသွန်းမြဲအောက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာအထိ မိုးဆက်လက်လျော့နည်းနေနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း - နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအတိုင်းမိုးရွာနိုင်ပါမည်။
ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအလယ်ပိုင်းနှင့်အောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း။ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါသည်။
ဇွန်လ - စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်ဒေသအချို့နှင့် ကရင်ပြည်နယ်ဒေသအချို့၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ ဒေသများတို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းတွင် နှစ်စဉ်ရွာသွန်းမြဲအောက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးလျော့နည်းရွာသွန်းနိုင်ပါသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ပါသည်။
အထက်ဖေါ်ပြပါ မိုးကြို/မိုးဦး/မိုးလယ်/မိုးနှောင်း ကာလများတွင် ဖြစ်ပေါ်နိုင်မည့် မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်များသည် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာနိုင်ဘွယ်ရှိသည့် ထူးခြားမိုးလေဝသဖြစ်စဉ်များကြောင့် ပြောင်းလဲနိုင်ပြီး၊ မိုးလွန်ကာလအတွင်း အစွန်းရောက်ရာသီဥတု(လာနီညာ/အယ်လ်နီညို/အိန္ဒိယနီညို ခေါ် IOD)ဖြစ်နိုင်ချေများက ကြိုတင်ခန့်မှန်းချက်များအပေါ် သက်ရောက်မှုရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် MMWeather မှ တင်ပြနေမည်ဖြစ်သော မိုးလေဝသအခြေအနေများ၊ ပြည်နယ်တိုင်းဒေသများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက် weather widget များကို စောင့်ကြည့်ပေးကြပါရန် နိဂုံးချုပ်အားဖြင့်တင်ပြလိုက်ပါသည်။
ဇူလိုင်လ - မိုးလယ်ကာလဖြစ်သောဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအောက် မိုးရေချိန် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ လျော့နည်းရွာသွန်းနိုင်ပြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသအချို့တို့တွင် နှစ်စဉ်ပုံမှန်ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်ပါသည်။
စစ်ကိုင်းတိုင်အောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ အထိ မိုးပိုမိုရွာသွန်းနိုင်ပါသည်။
ဩဂုတ်လ - မိုးလယ်ကာလနှောင်းပိုင်းဖြစ်သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ရွာသွန်းမြဲအောက်လျော့နည်းသောဒေသများ ရှိနေမည်ဖြစ်၍ မိုးအားလျော့နည်းနိုင်သည့် ကာလဖြစ်ပါမည်။
စက်တင်ဘာလ - မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံဒေသအားလုံးတွင် အများအားဖြင့် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အောက် လျော့နည်းနေနိုင်ပြီး ဒေသအချို့တွင်သာ ရွာသွန်းမြဲခန့်မိုးရွာသွန်းနိုင်ချေရှိကြောင်း တွေ့ရသည့်အတွက် ၂၀၂၅ ခုနှစ်၏ မိုးနှောင်းကာလတွင် မိုးနည်းနေနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များ၌ တွေ့ရပါသည်။
အထက်ဖေါ်ပြပါ မိုးကြို/မိုးဦး/မိုးလယ်/မိုးနှောင်း ကာလများတွင် ဖြစ်ပေါ်နိုင်မည့် မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်များသည် - "ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာနိုင်ဘွယ်ရှိသည့် ထူးခြားမိုးလေဝသဖြစ်စဉ်များကြောင့် ပြောင်းလဲနိုင်ပြီး၊ မိုးလွန်ကာလအတွင်း အစွန်းရောက်ရာသီဥတု(လာနီညာ/အယ်လ်နီညို/အိန္ဒိယနီညို ခေါ် IOD)ဖြစ်နိုင်ချေများက ကြိုတင်ခန့်မှန်းချက်များအပေါ် သက်ရောက်မှုရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် MMWeather မှ တင်ပြနေမည်ဖြစ်သော မိုးလေဝသအခြေအနေများ၊ ပြည်နယ်တိုင်းဒေသများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက် weather widget များကို စောင့်ကြည့်ပေးကြပါရန် နိဂုံးချုပ်အားဖြင့်တင်ပြလိုက်ပါသည်။"
၂၀၂၅ ခုနှစ် ဧပြီလ လဆန်းပိုင်းမှာ ထူးခြားမိုးလေဝသဖြစ်စဉ် ဖြစ်နိုင်မဲ့အခြေအနေတွေက ရာခိုင်နှုန်းအားဖြင့် တိုးလာတာတွေ့ရပါတယ်။
MMWeather ရဲ့ Facebook နဲ့ Telegram Channel တွေမှာ နေ့စဉ်ပြောင်းလဲသည့် ကြိုတင်ခန့်မှန်းချက်အခြေအနေများကို တင်ပြပေးနေပါတယ်။
Facebook Pages: https://www.facebook.com/uwinnaing and https://www.facebook.com/mmweather
Telegram Channels: https://t.me/mmweather and https://t.me/mmweather_CHAT
အားပျော့သော အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာ ဖြစ်ပေါ်နေဆဲအချိန်မှာ - ၂၀၂၅ ခုနှစ်ရဲ့ ရာသီဥတု/မိုးလေဝသဖြစ်နိုင်ချေကတော့ တမျိုးထူးလာတာတွေ့ရပါတယ်။
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်၊ ည ၉ နာရီ ၁၅ မိနစ်)
=======
ပုံမှန်အားဖြင့် မိုးနှောင်း၊ မိုးလွန်ကာလတွေမှာတွေ့ရလေ့ရှိတဲ့ တောင်တရုတ်ပင်လယ်ဘက်က လေထုမငြိမ်မသက်ဖြစ်ခြင်း(လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ဖြစ်ခြင်း)များမှ အနောက်ဘက်ကိုရွေ့လျားပြီး ထိုင်းပင်လယ်ကွေ့၊ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တွေဘက်ကို ရွေ့လာတတ်သောဖြစ်စဉ်ကို ၂၀၂၅ ခုနှစ် မိုးကြိုကာလမတိုင်ခင်မှာကို တွေ့ရတော့မလားဆိုပြီး စောင့်ကြည့်ရမဲ့ပုံပါဘဲ။
EU - ECMWF Model AI ကြိုတင်ခန့်မှန်း chart မှာတွေ့ရတာက ..
ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာ လက်ရှိဖြစ်နေတဲ့ INVEST-96W သည် ဖိလစ်ပိုင်ကိုဖြတ်ပြီး တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့တွေကတဆင့် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကို ဧပြီလ လဆန်းပိုင်းမှာ ရောက်လာနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။
ဒီခန့်မှန်းချက်ကို WINDY ပေါ်က GFS(အမေရိကန် based)model နဲ့ EU ရဲ့ ECMWF Model တွေမှာလဲ တွေ့နေရပါတယ်။
ဒီခန့်မှန်းချက်အတိုင်း ဖြစ်လာရင် ...
မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ မိုးရွာတာစောနိုင်ပါမယ်။ မိုးများမလား/နည်းမလားဆိုတာတော့ အခု INVEST-97W က ဘယ်လောက်အထိအားကောင်းပြီး ဘယ်လိုရွေ့မလဲဆိုတာပေါ် မူတည်ပါတယ်။
ကြိုတင်ခန့်မှန်းချက်အဆင့်ဖြစ်ပြီး အခုအချိန်အထိ ဖိလစ်ပိုင်နိုင်ငံကိုတောင် ဝင်ရောက်တိုက်ခတ်ခြင်းမရှိသေးတာကြောင့် ကြိုတင်ပြင်ဆင်ချိန်လဲ ကောင်းကောင်းရနေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းကို INVEST-96W ရောက်လာပြီးမှ ဘာတွေ ပြင်ဆင်သင့်သလဲဆိုတာ ထပ်တင်ပေးပါဦးမယ်။
Windy နှင့် Meteoblue App များရဲ့ ကြိုတင်ခန့်မှန်းချက်များမှာ -
⛈️ မတ်လ ၃၁ ရက်မှ ဧပြီလ ပထမရက်သတ္တပါတ် တပတ်အတွင်း - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသများတွင် မိုးအသင့်အတင့်ရွာသွန်းနိုင်မည့် အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။
⛈️ Meteoblue ရဲ့ Seasonal Forecast မှာလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ... ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ "ဧပြီလအတွင်း၊ နှစ်စဉ်ပျမ်းမျှရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာ မှ ၂၀ မီလီမီတာ = ၀.၄ လက်မ မှ ၀.၈ လက်မ ခန့်အထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း" ကြိုတင်ခန့်မှန်းထားပါတယ်။
⛈️ မိုးရွာနိုင်မဲ့ကြိုတင်ခန့်မှန်းချက်တွေမှာတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသများမှာသာ မိုးရွာနိုင်မဲ့ အခြေအနေတွေ စတင်တွေ့ရတာဖြစ်ပါတယ်။
⛈️ ဒီအခြေအနေကို သုံးသပ်တင်ပြရမယ်ဆိုရင်တော့ ... မြန်မာနိုင်ငံရဲ့ မိုးကြိုကာလ(ဧပြီလ ၁၆ ရက် မှ မေလ ၁၅ ရက်)အစ ပိုင်းမှာ မိုးစတင်ရွာလာနိုင်မဲ့ အခြေအနေများကိုတွေ့ရတာဖြစ်ပါတယ်။
(၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ် - Facebook တွင် တင်ပြပေးခဲ့သည့် post)
မတ်လ ၂၃ ရက်နေ့မှာ ဒီအခြေအနေကို ဆက်လက်လေ့လာတဲ့အခါ .. WINDY(ECMWF Model Forecast)တွေက ဧပြီလ လဆန်းပိုင်းမှာ မိုးရွာနိင်မဲ့အရိပ်အယောင်က -
⛈️ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နဲ့ နေပြည်တော်ဒေသတွေအထိ မိုးအနည်းငယ်ရွာနိုင်ကြောင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်(၂၄ နာရီ မှ ၄၈ နာရီအတွင်း 20mm to 30mm - ၀.၈ လက်မမှ ၁.၂ လက်မခန့်အထိ)ရွာနိုင်ကြောင်း တွေ့လာရပါတယ်။
ဒီလိုအခြေအနေများစတင်ဖြစ်ပေါ်စေတာကတော့ အားပျော့ပျော့နဲ့ ဆက်လက်တည်ရှိနေဆဲ "လာနီညာ" အစွန်းရောက်ရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုက အီကွေတာတလျှောက် အရှေ့ဘက်က ကုန်သည်လေစီးကြောင်းကို ဆက်လက်အားနေစေပြီး၊ အမြင့်ပေ ၃၄,၀၀၀ က ဂျက်လေစီးကြောင်းကြီးကလဲ အီကွေတာအပူပိုင်းဇုံတလျှောက်ဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့ကြွယ်ဝသော မိုးတိမ်တွေကို ထိုင်းပင်လယ်ကွေ့၊ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှတဆင့် မြောက်ဘက်(အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေရဲ့ ကုန်းမြေများရှိရာကို ဆွဲသွင်းလာတာကြောင့် ဖြစ်ပါတယ်။
မတ်လ ၈ ရက် - နေ့လည် ၂ နာရီ ၃၀ မိနစ်
====
တောင်တရုတ်ပင်လယ်ဘက်က အရှေ့မြောက်မုတ်သုံလေစီးကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ အနောက်မြောက်လေအေးစီးကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲက လေနွေးစီးကြောင်းတွေရဲ့ စီးဆင်းတိုက်ခတ်နေမှုတွေက -
🌏 တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့တွေကတဆင့် မိုးတိမ်တွေ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းကို တိုးဝင်ရွေ့လျားလာပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မြန်မာနိုင်ငံတောင်ဘက်ပိုင်း(တနင်္သာရီတိုင်း)တွေပေါ်မှာ မိုးတိမ်များစုဖွဲ့ရောက်ရှိလာစေတာတွေ့ရပါတယ်။
⛈️ အားပျော့တဲ့ လာနီညာကာလအတွင်း(အခု မတ်လအတွင်း)မှာ လေစီးကြောင်းများရဲ့ အခြေအနေက မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ညအပူချိန်တွေကို ဆက်လက်လျော့ကျစေပြီး၊ မြောက်ဘက်အစွန်က ကချင်ပြည်နယ်နဲ့၊ တောင်ဘက်အစွန်က တနင်္သာရီတိုင်းဒေသတွေမှာ မိုးအနည်းငယ်မှ အသင့်အတင့် ဆက်လက်ရွာနေစေဦးမှာဖြစ်ပါတယ်။
⛈️ တနင်္သာရီတိုင်းနဲ့ ဆက်စပ်နေတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလဲ မိုးတိမ်များရွေ့လျားဝင်ရောက်လာမှု အနည်းအများပေါ်မူတည်ပြီး မိုးရွာနိုင်ချေရှိနေပါမယ်။
🌏 အီကွေတာမျဉ်းရဲ့ အထက်အောက် လတ္တီတွဒ် ၅ ဒီဂရီ အတွင်းမှာတော့ ကုန်သည်လေစီးကြောင်း(အရှေ့လေ)အားကောင်းနေခြင်းနဲ့အတူ လေထုမငြိမ်မသက်ဖြစ်နေခြင်းများကြောင့် အထက်လေထုအလွှာများအတွင်း လေဖိအားနည်းဆဲလ်(Low Pressure Cell) ဖြစ်ပေါ်တာတွေရှိနေပြီး အဲ့ဒီ LPC တွေက အရှေ့မြောက်မုတ်သုံလေစီးကြောင်းကို ပိုမိုအားကောင်းနေစေတာလဲ တွေ့ရပါတယ်။
⛈️ အမေရိကန်အခြေစိုက် NOAA(Climate Prediction Center-CPC)ရဲ့ GTH Outlook ထုတ်ပြန်ချက်အရ မတ်လ ၁၈ ရက်အထိ ဒီအခြေအနေဆက်လက်ဖြစ်နေပြီး အနောက်ဘက်နဲ့ အရှေ့ဘက်က မိုးတိမ်များမိုးတိမ်များရွေ့လျားဝင်ရောက်မှုလမ်းကြောင်းတလျှောက် - မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းဒေသများမှာ မိုးရွာသွန်းနိုင်ချေ ၅၀% အထက်ရှိနေမယ်လို့လဲ တွေ့ရပါတယ်။
မတ်လ ၇ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ် - Meteoblue Seasonal Forecast
====
မြန်မာနိုင်ငံ၏ မိုးရာသီကာလများ
မိုးကြို - ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက်
မိုးဦး - မေ ၁၆ ရက် မှ ဇွန် ၃၀ ရက်
မိုးလယ် - ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်
မိုးနှောင်း - စက်တင်ဘာ ၁ ရက် မှ အောက်တိုဘာ ၁၀ ရက်
မိုးလွန် - အောက်တိုဘာ ၁၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်
ဒေသအလိုက်ကြိုတင်ခန့်မှန်းချက်များအရ မိုးကြိုကာလအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်းတွေ့ရပြီး၊ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်(မိုးကောင်းနိုင်)ကြောင်းတွေ့ရသည်။
မိုးဦးကာလအတွင်းကျရောက်သည့် မေလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်မည့်ဒေသများအနက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီမှ ၄၀ မီလီမီတာအထိ(၁ လက်မ နီးပါးမှ ၁ လက်မခွဲကျော်အထိ)မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည်။
မိုးဦးကာလအတွင်းကျရောက်သည့် ဇွန်လအတွင်းနှင့် မိုးလယ်ကာလ ဇူလိုင်/ဩဂုတ်လများအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ရွာသွန်းမြဲအထက်၂၀ မီလီမီတာ(၁ လက်မနီးပါးခန့်အထိ) မိုးပိုမိုရွာသွန်းနိုင်ဘွယ်ရှိပြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင် တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲအောက် ၂၀ မီလီမီတာခန့်အထိ(၁ လက်မနီးပါးခန့်အထိ)မိုးလျော့နည်းရွာသွန်းနိုင်ကာ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အတိုင်းသာ မိုးရွာနိုင်မည့် အခြေအနေရှိနေကြောင်း တွေ့ရသည်။
အချုပ်အားဖြင့် -
မိုးကြိုကာလဖြစ်သည့် ဧပြီလ ၁၅ ရက် မှ မေလ ၁၅ ရက်အတွင်းတွင်လည်းကောင်း၊ မိုးဦးကာလအတွင်း ပါဝင်သည့် မေလ ၁၆ မှ မေလ လကုန်ပိုင်းအထိလည်းကောင်း များသောအားဖြင့် မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးရွာသွန်းနိုင်မည့်အခြေအနေသည် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ဘွယ်ရှိကြောင်း၊ မိုးကြိုနှင့် မိုးဦးကာလအတွင်း မိုးကောင်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
ဒီရာသီကာလအတွင်းမှာ လတ်တလောအမေးများတာက ပူနေမှာလား/အေးနေမှာလား ဘယ်လောက်ပူပြီး ဘယ်လောက်အေးနေဦးမလဲ ဘယ်အထိ အေးနေပြီး ဘယ်အချိန် ပြန်ပူလာမလဲ စသည်စသည်ဖြင့်ပါ။
မြန်မာတနိုင်ငံလုံးကို ၂၀၂၅ ခုနှစ်တနှစ်စာ ကြိုတင်ကြည့်မပေးနိုင်သေးပေမဲ့ "ရန်ကုန်မြို့"ကို ဥပမာပေး-ကြိုတင်ခန့်မှန်းချက်တခုအနေနဲ့ကြည့်တဲ့အခါ -
လအလိုက် တိမ်အပြည့်ဖုံးအုပ်နိုင်မဲ့ လအလိုက်တိမ်အပြည့်ဖုံးအုပ်နိုင်မဲ့ရက်တွေက မေလအတွင်း ၁ ရက်ခန့်၊ ဇွန်လအတွင်း ၄ ရက်ခန့်၊ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ၇ ရက်ခန့်၊ စက်တင်ဘာလအတွင်း ၄ ရက်ခန့်နဲ့ အောက်တိုဘာလအတွင်း ၁ ရက်ခန့် တိမ်အပြည့်ဖုံးအုပ်နိုင်ပြီး ကျန်တဲ့ လ/ရက်တွေမှာ တိမ်အသင့်အတင့်မှ အနည်းငယ်သာဖုံးအုပ်ဖြစ်ထွန်းနိုင်မယ်လို့ တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ မတ်လနဲ့ဧပြီလတွေမှာ ပျမ်းမျှအပူဆုံး ၃၇ °C အထိ ရှိနိုင်ပြီးတော့၊ မေလက စ ပြီး နှစ်အကုန် ဒီဇင်ဘာလအထိ အပူချိန်များပြန်လည်ကျဆင်းနိုင်ကြောင်းတွေ့ရတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်လို အပူပြင်းသောရာသီဥတုမျိုး ကြုံရမှာမဟုတ်ကြောင်း ကြိုတင်ခန့်မှန်းရပါတယ်။
လအလိုက်မိုးရွာသွန်းနိုင်ချေတွေက တနှစ်ပတ်လုံးမှာ မိုးရေချိန်နည်းနည်း/ရက်တိုတိုရှိနေနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်မဲ့လတွေက မေလမှစတင်ပြီး ဇွန်၊ ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအထိ ရှိနိုင်ပါမယ်။ မိုးဦးရာသီကာလမှ မိုးနှောင်းရာသီကာလထဲအထိ မိုးရွာသွန်းနိုင်တာတွေရှိနေတယ်၊ မိုးကောင်းနိုင်တဲ့ ရက်တွေလဲ ရှိနေမယ်လို့ ဆိုလိုပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မိုးဦး/မိုးလယ်/မိုးနှောင်း မညံ့တဲ့ .. မိုးအသင့်အတင့်မှ မိုးကောင်းနိုင်မဲ့ နှစ်တနှစ်ဖြစ်နိုင်ပါတယ်။ ရုတ်တရက်မိုးများလို့ မြို့ထဲက အနိမ့်ပိုင်း၊ ချောင်းကမ်း/မြစ်ကမ်းဘေးနေသူများ ရေကြီး-ရေလျှံဖြစ်တတ်တဲ့ရပ်ကွက်တွေကတော့ ဒီရေတက်ရက်တွေနဲ့ မိုးများမဲ့ရက်တွေ ကြုံကြိုက်တဲ့အခါ ရပ်ကွက်ထဲ ရေကြီးပြီးအိမ်တွေထဲရေဝင်နိုင်ချေရှိတာကြောင့် လိုအပ်တာကြိုတင်ပြင်ဆင်ထားကြရမှာပါ။
🔸 ဒီကြိုတင်ခန့်မှန်းချက်များက မိုးကြိုကာလ၊ မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေအတွင်း ပင်လယ်ပြင်မှာဖြစ်ပေါ်တတ်တဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်းများ/မုန်တိုင်းများ)နဲ့လဲ ဆက်စပ်ပြီးသက်ရောက်မှုရှိနိုင်တာကြောင့် ထူးခြားမိုးလေဝသဖြစ်စဉ်တွေဖြစ်လာတဲ့အခါ တင်ပေးနေမဲ့ မိုးလေဝသသတင်းတွေကိုလဲ မပြတ်နားစွင့်နေကြဘို့လိုပါမယ်။
🔸 ၄ ရက်စာ ကြိုတင်ခန့်မှန်းပေးတဲ့ မိုးလေဝသခန့်မှန်းချက်တွေကိုလဲ နေ့စဉ်ကြည့်နိုင်အောင် MMWeather Knowledge website ရဲ့ "ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ" စာမျက်နှာမှာတင်ပေးထားပါတယ်။ https://www.mmweather.org/divisional-cities-weather
• မိုးကြို - ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက်
• မိုးဦး - မေ ၁၆ ရက် မှ ဇွန် ၃၀ ရက်
• မိုးလယ် - ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်
• မိုးနှောင်း - စက်တင်ဘာ ၁ ရက် မှ အောက်တိုဘာ ၁၀ ရက်
• မိုးလွန် - အောက်တိုဘာ ၁၁ ရက် မှ နိုဝင်ဘာ ၃၀ ရက်
ဇန်နဝါရီလ ၁၇ ရက် နေ့လည် ၁ နာရီ ၅၀ မိနစ်
======
၂၀၂၅ ခုနှစ်သည် အများအားဖြင့် ရာသီဥတုဖေါက်ပြန်မှု လျော့နည်းသောနှစ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါကြောင်း ကနဦးတင်ပြလိုပါတယ်။
အစွန်းရောက်ရာသီဥတု "လာနီညာ" ဖြစ်ပေါ်နေမှုကလည်း အားပျော့တဲ့ အဆင့်မှာသာရှိနေပြီး မတ်၊ ဧပြီ၊ မေ (၃) လအတွင်းမှာ အယ်နီညိုမဟုတ်- လာနီညာမဟုတ်သော ပုံမှန် Neutral အခြေအနေကို ပြောင်းသွားနိုင်မယ်လို့ ခန့်မှန်းထားကြကြောင်း ပြီးခဲ့တဲ့ post တွေမှာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အစ နှစ်ဝက် ၆ လအတွင်းမှာ ပြီးခဲ့တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်(အယ်လ်နီညိုဖြစ်ခဲ့တဲ့နှစ်)ကဲ့သို့ ဖြစ်မြဲအပူချိန်များရဲ့အထက် များစွာလွန်ကဲသောပူပြင်းမှု မဖြစ်နိုင်ဘူးဆိုတာ တွေ့ရပါတယ်။
🌡️ ၂၀၂၅ ခုနှစ် ၂ လ ပိုင်း ဖေဖေါ်ဝါရီလမှ ၅ လ ပိုင်း မေ လအတွင်း -
"နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် 1 °C မှ ၁.၅ °C အထိ ပိုမိုပူပြင်းနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အပူချိန်များထက် ၁ °C မှ ၂ °C ခန့် လျော့ကျနိုင်"မယ်လို့ ခန့်မှန်းရပါတယ်။
၂၀၂၅ ခုနှစ် အစပိုင်း ၆ လအတွင်း မိုးရွာသွန်းနိုင်မဲ့ အခြေအနေများကို လေ့လာကြည့်ရာမှာ -
💦 မိုးကြိုကာလ - ဧပြီ ၁၆ ရက် မှ မေ ၁၅ ရက် အတွင်း တနင်္သာရီတိုင်းမှ အစပြုကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊နေပြည်တော်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ မိုးဦးမိုး စတင်ရွာသွန်းနိုင်ပြီး၊ နှစ်စဉ်ရွာသွန်းမြဲအထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာ(၀.၄ လက်မ မှ ၀.၈ လက်မခန့်အထိ)မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
💦 မိုးဦးကာလဖြစ်တဲ့ - မေ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်အတွင်းမှာတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများကလွဲရင် ကျန်ပြည်နယ်တိုင်းဒေသများမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာ(၀.၄ လက်မ မှ ၁.၆ လက်မခန့်အထိ) မိုးရေချိန်ပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
💦 မိုးလယ်ကာလအတွင်း(ဇွန်လ ၁ ရက် မှ ဩဂုတ်လ ၃၁ ရက်အထိ)မှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းဒေသတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာ(၀.၈ လက်မ မှ ၁.၂ လက်မ ခန့်အထိ)လျော့နည်းရွာသွန်းနိုင်မယ်လို့ Seasonal Forecast ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။
အပူလွန်ကဲသောနှစ် မဖြစ်နိုင်ဘဲ ပုံမှန်ရာသီဥတုဖြစ်နိုင်မယ်ဆိုသော်လည်း -
မိုးဦး/မိုးကြိုကာလ နဲ့ မိုးနှောင်း/မိုးလွန်ကာလများအတွင်း မိုးရွာသွန်းမှုအခြေအနေများသည် နိုင်ငံပတ်ဝန်းကျင်ရှိပင်လယ်တွေမှာ ဖြစ်လာတတ်တဲ့ ထူးခြားမိုးလေဝသအခြေအနေများအပေါ်မူတည်ပြီး မိုးရွာသွန်းနိုင်မည့်အခြေအနေများပြောင်းလဲမှုရှိနိုင်တာကြောင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေဘက်မှာ ဖြစ်လာနိုင်တဲ့ လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေအခြေအနေကိုတော့ မျက်ခြေမပြတ်စောင့်ကြည့်နေဘို့ လိုပါတယ်။
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၁၂ နာရီ တွင် ရေးသားတင်ပြသည်)
=====
ℹ️ အမေရိကန်အခြေစိုက် NOAA ရဲ့ Climate NOAA NWS Climate Prediction Center(CPC) က ၂၀၂၄ ဒီဇင်ဘာလမှာ တိုင်းတာရရှိခဲ့တဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်အခြေအနေတွေအရ အားပျော့တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်- "လာနီညာ"ဖြစ်ပေါ်နေပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ချေက ၅၉% ရှိနေကြောင်းသိရပါတယ်။
ℹ️ ENSO Neutral လို့ခေါ်တဲ့ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ် အစွန်းရောက်ရာသီဥတုအခြေအနေမှ ပုံမှန်ရာသီဥတုအခြေအနေပြန်လည်ဖြစ်ပေါ်လာနိုင်မှာကိုတော့ ၂၀၂၅ မတ်လ မှ မေလ အတွင်း ဖြစ်နိုင်ချေ ၆၀% ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဒီခန့်မှန်းချက်ကို နားလည်လွယ်အောင်ပြောရရင် -
ℹ️ အစွန်းရောက်ရာသီဥတု လာနီညာ က တော့ ဖြစ်နေပြီ၊ ပြင်းထန်တဲ့-အားကောင်းတဲ့ လာနီညာမဟုတ် - အားပျော့တဲ့ လာနီညာအဆင့်သာဖြစ်တယ်၊ ၂၀၂၅ ခုနှစ် ဧပြီလအထိ အားပျော့တဲ့ လာနီညာဆက်ပြီးဖြစ်နိုင်တာက ၅၉ %၊ အစွန်းရောက်ရာသီဥတုမှ ပုံမှန်ဖြစ်နိုင်ချေက ၆၀%(မတ်လ မှ မေလအတွင်း) လို့ တွေ့ရတယ်။ အချုပ်အားဖြင့် အားပျော့တဲ့ လာနီညာတော့ ဖြစ်နေပြီ၊ "ဆောင်းရာသီနဲ့နွေဦးရာသီကာလအတွင်း" ပုံမှန် မိုးလေဝသဖြစ်စဉ်များအပေါ် လာနီညာသက်ရောက်မှုက အနည်းငယ်သာရှိနိုင်မယ် လို့ ကောက်ချက်ချထားတာတွေ့ရပါတယ် - Weak La Niña conditions are less likely to result in conventional winter/spring impacts, though predictable signals can still influence the forecast guidance.
ℹ️ ဒီကာလအတွင်း မြန်မာနိုင်ငံရဲ့ မိုးလေဝသဖြစ်စဉ်များသည်လည်း ပုံမှန်အတိုင်းသာရှိနိုင်မယ်၊ ဆောင်းရာသီရဲ့ အေးမြခြောက်သွ့ပြီးအပူချိန်ကျဆင်းတဲ့ရက်တွေက ရက်အနည်းငယ်သာအေးပြီး ပြန်ပူတဲ့အခြေအနေမျိုးမဟုတ်ဘဲ ရက်ရှည်(ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနဲ့ မတ်လတွေအထိ)အေးနေနိုင်မယ်၊ နေ့အပူချိန်တွေကလဲ အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်နွေရာသီကာလတုန်းကလို ပူပြင်းမှုလွန်ကဲတဲ့ပုံစံမျိုးမဟုတ် ပုံမှန်နွေရာသီအပူချိန်မျိုးသာဖြစ်နိုင်မယ်လို့ သုံးသပ်ရပါတယ်။
ဆက်လက်ပြီးသုံးသပ်ခန့်မှန်းနိုင်တာက -
ℹ️ ၂၀၂၅ ခုနှစ်မှာ သဘာဝဘေးတွေကြီးကြီးမားမားဖြစ်စေနိုင်မဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုသည်လည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ မတူ-လျော့ကျနိုင်မယ်လို့ သုံးသပ်ခန့်မှန်းရပါတယ်။
ကိုးကား - https://www.cpc.ncep.noaa.gov/products/analysis_monitoring/enso_advisory/ensodisc.shtml
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည့် NOAA-ENSO report(အမေရိကန်နိုင်ငံ) နှင့် BoMA(ဩစတေးလျှနိုင်ငံ)တို့မှ အယ်နီညို/လာနီညာကြိုတင်ခန့်မှန်းချက်များတွင် ၂၀၂၅ ခုနှစ်အတွင်း လာနီညာဖြစ်နိုင်ချေသည် ပျမ်းမျှခြင်းအားဖြင့် ၅၉% ရှိပြီး၊ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ်သော(ဖေါက်ပြန်/အစွန်းရောက်ခြင်းမရှိသော) ကြားနေ(Neutral)ရာသီဥတုအခြေအနေသာဖြစ်နိုင်ကြောင်း တွေ့ရပါသည်။
ဒီဇင်ဘာ-ဇန်နဝါရီနှင့်-ဖေဖေါ်ဝါရီလများအတွင်း အီကွေတာတလျှောက်မှ ပင်လယ်ရေမျက်နှာပြင်အပူချိန်များ ကျဆင်းပြီး လာနီညာဖြစ်နိုင်ချေမြင့်တက်လာနိုင်သော်လည်း ဆောင်းရာသီ၏ ပုံမှန်အပူချိန်ကျဆင်းသည့်အခြေအနေခန့်သာရှိနိုင်သဖြင့် လာနီညာဖြစ်နိုင်ချေ ၇၂% အထိဖြစ်လာသော်လည်း လာနီညာဖြစ်ပြီဟု ကြေညာနိုင်မည်မဟုတ်ကြောင်း၊ ပုံမှန်(Netural)သာဖြစ်နိုင်ကြောင်း နိုင်ငံတကာ ရာသီဥတုစောင့်ကြည့်လေ့လာရေးသိပ္ပံပညာရှင်များမှ ခန့်မှန်းထားကြပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်မည့် ရာသီဥတုအခြေအနေသည်လည်း "၂၀၂၃-၂၄ ခုနှစ်(အယ်လ်နီညိုနှစ်)ကဲ့သို့ အစွန်းရောက်ဖြစ်စဉ်များဖြစ်ပေါ်ခြင်းမရှိနိုင်" ဟုခန့်မှန်းရသဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များနှင့်နှိုင်းယဉ်ပါက ၂၀၂၅ ခုနှစ်အတွင်းတွင် သဘာဝဘေးများဖြစ်ပေါ်မှု များစွာလျော့နည်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းသုံးသပ်ရပါသည်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပြင်းထန်သောရာသီဥတုပြောင်းလဲခြင်းများကို ရင်ဆိုင်နေရချိန်အတွင်း -
မြန်မာနိုင်ငံ၏ မိုးရာသီကာလများဖြစ်သော -
မိုးကြိုကာလ(ဧပြီ ၁၆ ရက်မှ မေ ၁၅ ရက်)
မိုးဦးကာလ(မေ ၁၆ ရက်မှ ဇွန် ၃၀ ရက်)
မိုးလယ်ကာလ(ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၀ ရက်)
မိုးနှောင်းကာလ(စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်)
မိုးလွန်ကာလ(အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်) .. စသည့် မိုးကြိုကာလ/မိုးဦးကာလနှင့် မိုးနှောင်း/မိုးလွန်ကာလ များအတွင်း ....
အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းပင်လယ်များဖြစ်ကြသည့် အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာဘက်ရှိ တောင်တရုတ်ပင်လယ်များအတွင်း ဖြစ်ပေါ်နိုင်မည့် လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ တိုင်ဖွန်းမုန်တိုင်း စသည့်ထူးခြားမိုးလေဝသဖြစ်စဉ်များကိုသတိထားစောင့်ကြည့်ရန် နှစ်စဉ်လိုအပ်နေမည်ဖြစ်ပြီး ထူးခြားချက်များရှိလာလျှင်လည်း သက်ရောက်နိုင်မည့်အခြေအနေနှင့် စပ်လျဉ်းသည့်ကြိုတင်ခန့်မှန်းချက်များကို တင်ပြပေးသွားမည် ဖြစ်ပါသည်။
Review of the "weather conditions" and "natural disasters" experienced in Myanmar during 2024
(ဒီဇင်ဘာ ၂၀ ရက် - နံနက် ၁၁ နာရီ ၄၅ မိနစ်)
=====
၂၀၂၅ ခုနှစ် မိုးဦးကာလအကြို ခန့်မှန်း
(ဒီဇင်ဘာ ၂၀ ရက် - နံနက် ၁၁ နာရီ ၄၅ မိနစ်)
=====
မြန်မာနိုင်ငံရဲ့ မိုးရာသီတွေကို -
မိုးကြိုကာလ(ဧပြီ ၁၆ ရက်မှ မေ ၁၅ ရက်)
မိုးဦးကာလ(မေ ၁၆ ရက်မှ ဇွန် ၃၀ ရက်)
မိုးလယ်ကာလ(ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၀ ရက်)
မိုးနှောင်းကာလ(စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်)
မိုးလွန်ကာလ(အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်) ဆိုပြီး အသီးသီးသတ်မှတ်ထားပါတယ်။
🔸 လာနီညာဖြစ်နိုင်ချေ
၂၀၂၅ ခုနှစ်၊ မိုးဦးကာလအတွင်း "လာနီညာ" အေးမြစိုစွတ်သောအစွန်းရောက်ရာသီဥတုဖြစ်နိုင်ချေသည် ၅၉% ရှိကြောင်း အားပျော့သော လာနီညာသာဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်မှာတော့ စောင့်ကြည့်နေဆဲ(La Nina Watch)အဖြစ်သတ်မှတ်ထားကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ NOAA က ထုတ်ပြန်ထားပါတယ်။
🔸 မြန်မာနိုင်ငံရဲ့ နွေရာသီအကုန်-မိုးရာသီအစ မိုးဦးကာလအတွင်း မိုးရွာသွန်းနိုင်မဲ့ အခြေအနေများကိုလေ့လာတဲ့အခါ -
🔹 ၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းလောက်က စ ပြီး တနင်္သာရီတိုင်းမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာ(၀.၄ လက်မ)ခန့် မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊
🔹 ၂၀၂၅ ခုနှစ် ဧပြီလအတွင်း - ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာ(၀.၄ လက်မ) နဲ့
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီတာ(၀.၈ လက်မ) မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊
🔹 ၂၀၂၅ ခုနှစ် မေ လအတွင်း - ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာ(၀.၄ လက်မ)၊
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၂၀ မီလီမီတာ(၀.၈ လက်မ)ခန့် နဲ့
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၃၀ မီလီမီတာမှ ၄၀ မီလီမီတာ(၁.၁၈ လက်မ မှ ၁.၅ လက်မ)ခန့် မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
🔸 အခုရရှိထားတဲ့ ကြိုတင်ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်ရဲ့ "မိုးကြိုကာလ"အတွင်းမှာ မိုးစတင်ရွာသွန်းနိုင်ကြောင်း၊ မိုးဦးအကျစောနိုင်ကြောင်း တွေ့ရပါတယ်။
မိုးကြိုကာလအတွင်း ကုန်းတွင်းအပူချိန်တွေက နှစ်စဉ်ဖြစ်မြဲအထက် ၀.၅ °C မှ ၁ °C အထိ ပိုမိုနေနိုင်ကြောင်းတွေ့ရပေမဲ့၊ ၂၀၂၄ အယ်လ်နီညို နှစ်ကြောင့် အပူပြင်းဆုံးရာသီဥတုဖြစ်ခဲ့တာကြောင့် အပူချိန်ပြင်းထန်မှုများထက် များစွာလျော့နည်းနိုင်ကြောင်းလည်းခန့်မှန်းရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် - ညနေ ၅ နာရီ
=====
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီနှင့်ဖေဖေါ်ဝါရီလများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေသည် နှစ်စဉ်ရွာသွန်းမြဲအတိုင်းသာ ရွာသွန်းနိုင်မည့်အခြေအနေတွေ့ရသည်၊ မိုးပိုမည်မဟုတ်/မိုးနည်းနိုင်မည်လည်းမဟုတ်ပါ။ (ပြီးခဲ့သောနှစ်များက ဤကာလအတွင်း မိမိနေထိုင်ရာဒေသအတွင်း မိုးရွာသွန်းမှုမရှိလျှင် မိုးရွာနိုင်မည်မဟုတ်ဟု ဆိုလိုပါသည်)။
နှစ်ဆန်းပိုင်း ပထမ ၂ လအတွင်း၊ ကချင်ပြည်နယ်တွင်တော့ မိုးရွာသွန်းနိုင်ချေသည် ရွာသွန်းမြဲအောက်သို့ကျနိုင်မည်၊ ပြီးခဲ့သောနှစ်များထက် မိုးရွာသွန်းမှုနည်းနေမည်ဟု တွေ့ရပါသည်။
၂၀၂၅ ခုနှစ် မတ်လ တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ(တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်)တွင် နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည်၊ ၂၀၂၂ ခုနှစ် မတ်လက တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ ၂၁ ရက်နေ့က ၂၄ နာရီအတွင်း မိုးရေချိန် ၁၂ မီလီမီတာရွာသွန်းခဲ့ရာ၊ မတ်လအတွင်း တရက်ရက်တွင် ဤမိုးရေချိန်ထက် ပိုမိုရွာသွန်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည့်အတွက် "မိုးကြိုကာလဖြစ်သော ဧပြီလ ၁၆ ရက်မှ မေလ ၁၅ ရက်အတွင်း" မိုးအသင့်အတင့်မှ မိုးများနိုင်မည် သို့မဟုတ် မိုးဦးကာလ မိုးရွာချိန် အနည်းငယ်စောနိုင်မည်ဟု သုံးသပ်ရပါသည်။
📝 အယ်လ်နီညိုမဟုတ်၊ လာနီညာမဟုတ် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များမရှိသည့် ကြားနေ(NEUTRAL)ရာသီဥတုသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း မရှိခဲ့ မဖြစ်ခဲ့သည်မှာ ၁၁ နှစ်ကြာခဲ့ပြီဖြစ်၍ အစွန်းရောက်ရာသီဥတုများမဖြစ်သည့် ကြားနေနှစ်(Neutral Year)လည်းဖြစ်နိုင်ချေရှိသဖြင့်(နောက်ဆုံးပုံတွင်ကြည့်ပါ) - ၂၀၂၅ ခုနှစ်သည့် ရာသီဥတုမှန်နိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ရပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ SOUTH-ASIA ENSEMBLE MODELS FORECAST(တောင်အာရှတိုက် ကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ ပျမ်းမျှခန့်မှန်းချက်)ကို ကိုးကား၍ သုံးသပ်ထားပါသည်။