DOWNBURST
စိုက်ဆင်းလေပြင်း
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
စိုက်ဆင်းလေပြင်း
ပူပြင်းခြောက်သွေ့တဲ့အချိန် တိမ်တောင်ကြီးတွေဖြစ်လာတဲ့အခါ ပူပြင်းတဲ့ လေတွေဟာ တိမ်တောင်ကြီးများအတွင်းမှ အထက်အမြင့်ကို ရွေ့လျားတိုက်ခတ်ပါတယ်။ အဲ့ဒီအထက်ပင့်လေစီးကြောင်းနဲ့အတူပါလာတဲ့ ရေခိုးရေငွေ့တွေက မိုးစက်တွေနဲ့ ရေခဲစက်(မိုးသီးတွေ)အဖြစ်ပြောင်းလဲပါတယ်။ အမြင့်တနေရာရောက်တဲ့အခါ ကမ္ဘာ့ဆွဲအားနဲ့ မိုးတိမ်တောင်ကြီးရဲ့ အနောက်ဘက်နဲ့ဘေးဘက်ကဝင်လာတဲ့ လေအေးများကြောင့်မိုးရေစက်တွေအဖြစ်ပြောင်းပြီး မြေပြင်ကို ပြန်ကျလာပါတယ်။ မိုးစက်တွေမြေပြင်ပြန်ကျချိန်မှာ အောက်ဘက်ကိုကျဆင်းမှုနှုန်း (Downward speed)မြင့်တက်ပြီး ပတ်ဝန်းကျင်လေထုကိုပါပွတ်တိုက်ဆွဲခေါ်သွားတာကြောင့် မြေပြင်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျဆင်းတိုက်ခတ်မဲ့ စိုက်ဆင်းလေပြင်းဖြစ်လာတာပါဘဲ။
နွေရာသီမှာဖြစ်စေ၊ မိုးရာသီအစမှာဖြစ်စေ မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတာက စ လို့ စိုက်ဆင်းလေပြင်း(Downburst) ဆိုတာ ဖြစ်လာပါတယ်၊ နွေရာသီမှာတော့ "ခြောက်သွေ့စိုက်ဆင်းလေပြင်း - Dry Downburst"ဆိုတာဖြစ်တတ်ပြီး၊ မိုးရေစက်များပါဝင်ခြင်းမရှိပဲ ခြောက်သွေ့သောဖုန်မှုန့်များပါဝင်လာတာတွေ့ရပါတယ်။ အချို့ Dry Downburst တွေမှာတော့ မိုးစက်များကျဆင်းလာတဲ့လမ်းကြောင်း(Virga)ကို အဝေးကမြင်နိုင်ပေမဲ့ မိုးရေစက်အနေနဲ့မြေပြင်ကို ကျဆင်းမလာတော့ပဲ အငွေ့ပျံပျောက်ကွယ်သွားကာ မိုးရေမပါတဲ့ လေပြင်းသက်သက်တိုက်တာမျိုးတွေ့ရပါတယ်။ မိုးရာသီမှာတော့ "စိုစွတ်စိုက်ဆင်းလေပြင်း-Wet Downburst"ဆိုတာ ဖြစ်တတ်ပြီး ပြိုဆင်းလာတဲ့မိုးရေစက်များနဲ့အတူ ပြင်းထန်တဲ့ လေတွေတိုက်လာတာဖြစ်ပါတယ်။ Wet Downburst ကတော့ မိုးရေစက်များစုပေါင့်ဖွဲ့စည်းထားတဲ့ ထုထည်ပါနေတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။ ခြောက်သွေ့နဲ့ စိုစွတ်စိုက်ဆင်းလေပြင်း ၂ မျိုးအပြင် မိုးတွေခြိမ်းပြီးထစ်ချုန်းမိုးရွာသွန်းတာကြောင့် Thunderstorm Downburst ဆိုတာကိုလဲ တွေ့ရတတ်ပါတယ်။
မိုးဦးလေဦးအချိန်မှာ မြေပြင်အထက် ၄ ကီလိုမီတာ သို့မဟုတ် ၂ မိုင်ခွဲအမြင့်ရဲ့အောက်မှာဖြစ်ပေါ်လာတတ်သည့် တိမ်တောင်ကြီးများနဲ့ ၂ မိုင်ခွဲအထက်မှာ ဖြစ်ပေါ်တတ်တဲ့ တိမ်တောင်ကြီးများမှ ပြိုဆင်းလာသော မိုးရွာသွန်းမှုကြောင့်သော်လည်းကောင်း၊ အမြင့်ပိုင်း လေထုလွှာအတွင်း လားရာမတူသည့်လေစီးကြောင်းလွှာ(၂)ခုမှသော်လည်းကောင်း၊ လားရာတူသော်လည်း အလျင်နှုန်းမတူသည့် လေစီးကြောင်းလွှာ(၂)ခုမှသော်လည်းကောင်း၊ မြေပြင်နှင့် နီးသော လေအေးစီးကြောင်းတစ်ခုပေါ်သို့ လေပူစီးကြောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ရာမှ လည်းကောင်း စိုက်ဆင်းလေပြင်း ဖြစ်ပေါ်တတ်ပါတယ်။ အမြင့် ၂ မိုင်ခွဲအောက်မှာ ဖြစ်ပေါ်တဲ့ တိမ်တောင်တွေက ဖြစ်လာတဲ့ စိုက်ဆင်းလေပြင်းကို Microbust လို့ခေါ်ပြီး ၂ မိုင်ခွဲထက်မြင့်တဲ့ တိမ်တောင်ကြီးများမှ ဖြစ်လာတဲ့ စိုက်ဆင်းလေပြင်းကို Macroburst လို့ ခေါ်ပါတယ်။
စိုက်ဆင်းလေပြင်းတွေဟာ များသောအားဖြင့် ကွင်းကိုဆင်းသက်တော့မဲ့လေယာဉ်တွေကို အန္တရာယ်ဖြစ်စေတတ်ပေမဲ့ ပင်လယ်၊ မြစ်၊ ချောင်းတွေမှာ သွားလာကြတဲ့ လှေ-သင်္ဘောတွေနဲ့ လူနေရပ်ကွက်ထဲက အိမ်တွေ သစ်ပင်တွေအတွက်ဆိုရင်လဲ မိနစ်ပိုင်း-စက္ကန့်ပိုင်းအတွင်းမှာ တနာရီ မိုင် ၅၀ မှ မိုင် ၁၅၀ ခန့်အထိ ခဏလေးတိုက်လိုက်တဲ့ စိုက်ဆင်းလေပြင်းအန္တရာယ်က မသေးလှပါဘူး။
အချိန်တိုတိုလေးအတွင်းမှာတိုက်လိုက်ပေမဲ့ လေတိုက်ရာအရပ်လားရာအမျိုးမျိုးကိုတိုက်တတ်တာကြောင့် တိုက်လိုက်တဲ့ လေတိုက်နှုန်းပေါ်မူတည်ပြီး အပျက်အစီး၊ ဆုံးရှုံးမှုတွေ များသွားတတ်တဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ "လေနီကြမ်း"လို့ ခေါ်ကြပါတယ်။ အညာဒေသတွေမှာ လေနီကြမ်းကျပြီဆိုရင် အဝေးကြီးက ဖုန်တွေထုထည်ကြီးကြီးနဲ့ ရွေ့လျားဝင်ရောက်လာတာကို အရင်တွေ့ကြရပြီးတဲ့နောက် လေပြင်းတွေတိုက်ပါတော့တယ်။ မကြာပေမဲ့ သစ်ပင်တွေလဲ ခေါင်မိုးတွေလန်နဲ့ ပျက်စီးကုန်ကြတာပါဘဲ။
စိုက်ဆင်းလေပြင်းလို့ခေါ်တဲ့ Downburst ကို လေဆင်နှာမောင်းနဲ့ မှားတတ်ကြပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခံရပြီးတဲ့နောက် တွေ့ရတဲ့ အပျက်အစီးတွေရဲ့လားရာက စက်ဝိုင်းပုံအတိုင်းလဲပြိုပျက်စီးနေတတ်ပြီး စိုက်ဆင်းလေပြင်းကြောင့် ဖြစ်တဲ့ အပျက်အစီးတွေကတော့ စိုက်ဆင်းလေပြင်း မြေပြင်ကိုစတင်ထိတွေ့တဲ့ နေရာမှ လားရာတဘက်တည်းကိုသာ ပျက်စီးလဲပြိုနေတာတွေ့ရတတ်ပါတယ်။
ပူပြင်းခြောက်သွေ့နေချိန်မှာ ရုတ်တရက် မိုးတိမ်တောင်တွေ ဖြစ်လာပြီး virga(မိုးစက်များကျဆင်းလာတဲ့လမ်းကြောင်း)တွေကို တွေ့ရတဲ့အခါ အချိန်တိုတောင်းပေမဲ့ ပြင်းထန်တဲ့ လေပြင်းတွေကြောင့် အပျက်စီးများသွားတတ်တဲ့ စိုက်ဆင်းလေပြင်း(DOWNBURST) အန္တရာယ်ရှိနိုင်တာကို သတိထားကြရပါမယ်။