2024 - WEATHER FORECAST
၂၀၂၄ ခုနှစ် အတွင်းဖြစ်ပေါ်နိုင်သည့် ရာသီဥတုနှင့်မိုးလေဝသဖြစ်စဉ်များ
ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။
၂၀၂၄ ခုနှစ် အတွင်းဖြစ်ပေါ်နိုင်သည့် ရာသီဥတုနှင့်မိုးလေဝသဖြစ်စဉ်များ
နိုဝင်ဘာ ၈ ရက်၊ ည ၁၀ နာရီခွဲ
=========
📌 အမေရိကန်နိုင်ငံ National Oceanic and Atmospheric Administration -NOAA မှ နိုဝင်ဘာလ ၄ ရက်နေ့ El Niño / Southern Oscillation (ENSO) ထုတ်ပြန်ချက်အရ -
📌 အောက်တိုဘာ ၁၀ ရက်နေ့က ခန့်မှန်းချက်များတွင် လာနီညာဖြစ်နိုင်ချေ ၇၀% ကျော်အထိရှိခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ-အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း လာနီညာဖြစ်နိုင်ချေ ၆၀% သို့လျော့ကျပြီး ဤအခြေအနေသည် ၂၀၂၅ ခုနှစ် မတ်လအထိ ဆက်လက်ရှိနေနိုင်ကြောင်း၊
📌 NOAA ရာသီဥတုကြိုတင်ခန့်မှန်းရေးစင်တာ Climate Prediction Center-CPC မှ ကြိုတင်ခန့်မှန်းထုတ်ပြန်ချက်တွင် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ပင်လယ်များနှင့် တောင်တရုတ်ပင်လယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ မုန်တိုင်းများဖြစ်ပေါ်နိုင်ချေမရှိကြောင်း၊ ထိုကာလအတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းနိုင်ချေသည် တနင်္သာရီတိုင်းတောင်ပိုင်းဒေသများတွင် ရွာသွန်းမြဲထက် မိုးပိုနိုင်ပြီး ကျန်တပြည်လုံး နှစ်စဉ်ပုံမှန်ရွာသွန်းမြဲခန့်သာ ရှိနိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
📌 METEOBLUE APP ၏ တောင်အာရှဒေသဆိုင်ရာ SOUTH-ASIA models-Ensemble ၏ ပျမ်းမျှရာသီဥတုကြိုတင်ခန့်မှန်းချက်များအရ -
🌧️ ၂၀၂၄ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံမိုးရွာသွန်းမှုအခြေအနေသည် ပုံမှန်ရွာသွန်းမြဲခန့်သာရှိနိုင်ကြောင်း၊
🌡️ အထက်ပါကာလ(၂၀၂၄ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လ)အတွင်း အပူချိန်သည် နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် 1ºC မှ 1.5ºC အထိ ပိုမိုပူပြင်းနေနိုင်ကြောင်း၊
🌡️ အထူးသဖြင့် စစ်ကိုင်းတိုင်းထက်ပိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပုံမှန်အပူချိန်ထက် 1.5ºC အထိ အပူချိန်ပိုမိုများနေနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။
📌 ဤကြိုတင်ခန့်မှန်းချက်များအရ -
လာနီညာဖြစ်နိုင်ချေလျော့ကျလာခြင်းကြောင့် ပြည်နယ်တိုင်းဒေသအလိုက် ညအပူချိန်များသည် ပုံမှန်ဖြစ်မြဲအပူချိန်ခန့်သာရှိနိုင်ပြီး ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းရာသီနှင့် နွေရာသီကာလများအတွင်း ပုံမှန်ရာသီဥတုအခြေအနေသာရှိနိုင်မည်ဖြစ်ကြောင်း၊ အအေးလှိုင်းဖြတ်သန်းခြင်း၊ အပူလှိုင်းဖြတ်သန်းခြင်းစသည့် "ရာသီဥတုပြောင်းလဲဖေါက်ပြန်မှုကြောင့် ထူးခြားသောမိုးလေဝသဆိုင်ရာဖြစ်နိုင်ချေများ"လျော့နည်းနေမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
NOAA မှ နိုဝင်ဘာ ၄ ရက် ENSO ထုတ်ပြန်ချက်
La Nina Watch အခြေအနေ
အယ်လ်နီညို-လာနီညာ ဖြစ်ရန် ပင်လယ်ရေအပူချိန် သတ်မှတ်ချက်များ
ဩဂုတ်-စက်တင်ဘာ-အောက်တိုဘာအထိ ပင်လယ်ရေအပူချိန် တိုင်းတာချက်များ
အောက်တိုဘာ ၁၀ ရက်နေ့ထုတ် လာနီညာဖြစ်နိုင်ချေခန့်မှန်းချက်များ
နိုဝင်ဘာလ မိုးရွာသွန်းနိုင်သည့်အခြေအနေ seasonal forecast
ဒီဇင်ဘာလ မိုးရွာသွန်းနိုင်သည့်အခြေအနေ Seasonal Forecast
၂၀၂၅ ဇန်နဝါရီလ မိုးရွာသွန်းနိုင်သည့်အခြေအနေ Seasonal Forecast
၂၀၂၅ ဖေဖေါ်ဝါရီလ မိုးရွာသွန်းနိုင်သည့်အခြေအနေ Seasonal Forecast
၂၀၂၅ မတ်လ မိုးရွာသွန်းနိုင်သည့်အခြေအနေ Seasonal Forecast
(အောက်တိုဘာ ၂၇ ရက် - ညနေ ၅ နာရီ ၄၅ မိနစ်)
=====
တောင်တရုတ်ပင်လယ်က မုန်တိုင်း "TRAMI" နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ၂ လုံး တပြိုင်နက်ဖြစ်ပေါ်နေခဲ့တာမှာ မုန်တိုင်း TRAMI ကတော့ ဗီယက်နမ်ကမ်းခြေပေါ်မေးတင်ပြီး ပင်လယ်ထဲ ပြန်ဆင်းကာ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာပါ။ မုန်တိုင်း TRAMI ကြောင့် ဗီယက်နမ်နိုင်ငံကမ်းခြေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှ အခုအချိန်အထိ မိုးသည်းထန်ခဲ့တာတွေ့ရပြီး၊ မနက်ဖန်ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ထပ်မံရွာသွန်း(မိုးများ)ဦးမှာလို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။
TRAMI ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာသာ နေရာကွက်၍မိုးများနိုင်ပြီး နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲခန့်သာရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။
အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ကတော့ အားပိုကောင်းလာပြီး အောက်တိုဘာလကုန်(၃၁ ရက်)မှာ CATAGORY-3 အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတလုံးဖြစ်လာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားပေမဲ့ ထိုင်ဝမ်ကျွန်းအရှေ့မြောက်ဘက်အနီးမှ ကပ်၍ ဖြတ်ကျော်ကာ ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်။
မုန်တိုင်း KONG-REY က တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာနိင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုကတော့ မရှိတော့ပါဘူး။
အချုပ်အားဖြင့် ...
နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းကာလများအတွင်း တောင်သူများစပါးရိတ်သိမ်းချိန်မှာ မိုးလွန်မိုး/အခါလွန်မိုး/ဖျက်မိုးဆိုတာတွေကြောင့် အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။
ရေကြီးရေလျှံမှုတွေလဲ မရှိနိုင်တော့တာကြောင့် နွေစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စိတ်အေးလက်အေးဆက်လက်ပြင်ဆင်နိုင်ကြပြီဖြစ်ပါကြောင်း မင်္ဂလာစကားပါးလိုက်ပါတယ်။
အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်
====
ဩစတေးလျှ မိုးလေဝသဗျူရိုနဲ့ ဥရောပ ရာသီဥတုလေ့လာခန့်မှန်းရေးအဖွဲ့များ၊ အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာန၊ ရာသီဥတုကြိုတင်ခန့်မှန်းရေးစင်တာ တို့မှ ထုတ်ပြန်ချက်များအရ -
၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းနိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း အစွန်းရောက်ရာသီဥတုဖြစ်စဉ် "လာနီညာ"ဖြစ်နိုင်ချေသည် ၆၀% အထိထပ်မံ၍လျော့ကျလာကြောင်း၊
ယခု ကြိုတင်ခန့်မှန်းချက် ၆၀% မှ လာနီညာရာသီဥတုဖြစ်လာလျှင်ပင် အားအလွန်ပျော့သော လာနီညာအဆင့်သာဖြစ်နိုင်ကြောင်း၊
လက်ရှိလာနီညာဖြစ်နိုင်ချေသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများအထိ ဆက်လက်တည်ရှိမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထို့အတူ ..
"အိန္ဒိယနီညို" ဟုလည်းခေါ်တွင်သော Indian Ocean Dipole -Negative ဖြစ်စဉ်သည်လည်း နိုဝင်ဘာလအတွင်း၌သာ အားအနည်းငယ်ရှိပြီး ဒီဇင်ဘာလမှ စတင်၍ ဖြစ်နိုင်ချေနည်းသွားပြီး ပုံမှန် Neutral IOD ရာသီဥတု အဖြစ်သာဆက်လက်တည်ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ရရှိထားပြီး အစွန်းရောက်ရာသီဥတုအခြေအနေများဖြစ်သည့် "အယ်နီညို"၊ "လာနီညာ"နှင့် "အိန္ဒိယနီညို - IOD Negative"တို့ ဖြစ်နိုင်ချေလျော့ကျလျှက်ရှိခြင်းကြောင့် -
၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကာလများတွင် ပုံမှန်ရာသီဥတုအခြေအနေသာရှိနိုင်ပြီး အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း၊
"အပူလွန်ကဲခြင်း"၊ "အအေးလွန်ကဲခြင်း"နှင့် "အခါလွန်မိုးလွန်ကဲခြင်း"စသည့် အစွန်းရောက် ရာသီဥတုအခြေအနေများ ဖြစ်နိုင်ချေမှာ နည်းပါးသွားပြီဖြစ်ကြောင်း နိုင်ငံတကာ-ရာသီဥတုကြိုတင်ခန့်မှန်းရေးဌာနများ၏ထုတ်ပြန်ချက်များအား ကိုးကားတင်ပြလိုက်ပါတယ်။
(အောက်တိုဘာ ၈ ရက်၊ ည ၇ နာရီ ၃၀ မိနစ်)
========
အောက်တိုဘာလ ၇ ရက်နေ့ နိုင်ငံတကာပညာရှင်များရဲ့ လေ့လာသုံးသပ်ထုတ်ပြန်ချက်များအရ ၂၀၂၄ ခုနှစ်နှစ်အကုန်၊ ၂၀၂၅ ခုနှစ်-နှစ်ဆန်းပိုင်း လများအတွင်း လာနီညာဖြစ်နိင်ချေက နည်းနေဆဲဖြစ်ကြောင်း၊ ဖြစ်လာရင်တောင် အားပျော့တဲ့ လာနီညာအဆင့်လောက်သာဖြစ်နိုင်ကြောင်း တွေ့ရပါတယ်။
သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေး model များက ထွက်လာတဲ့ ကြိုတင်ခန့်မှန်းချက်များမှာလဲ ထပ်တူညီခြင်းမရှိသေးပဲ ကွဲလွဲမှုတွေရှိနေတာတွေ့ရပြန်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း လာနီညာဖြစ်နိုင်/မဖြစ်နိုင်ကြိုတင်ခန့်မှန်းကြတဲ့ model ၇ ခုအနက် ၃ ခုက ဖြစ်နိုင်ကြောင်း ၃ ခုက မဖြစ်နိုင်ကြောင်း ၁ ခုက ကြားနေ ခန့်မှန်းထားတာ ပုံ-၁ မှာ တွေ့ရပါမယ်။
ဒီအခြေအနေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ဆက်ရှိနေပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှာတော့ ကြိုတင်ခန့်မှန်း model ၅ ခုက မဖြစ်နိုင်၊ ၂ ခုက ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတာကို ဩစတေးလျှမိုးလေဝသဗျူရိုက တင်ပြထားပါတယ်။ (ပုံ -၂)
အမေရိကန်နိုင်ငံ ရာသီဥတုကြိုတင်ခန့်မှန်းလေ့လာရေးစင်တာ(CPC-Climate Prediction Center)ရဲ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၇၁% ရှိနေပြီး ၂၀၂၅ ခုနှစ် မတ်လအထိ ဒိခန့်မှန်းချက်အတိုင်းဆက်ရှိနေနိုင်မယ်လို့ ဖေါ်ပြထားပါတယ်။ (ပုံ-၃)
ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းက သမုဒ္ဒရာရေပြင်အပူချိန်အညွှန်းကိန်း(ONI = Oceanic Niño Index)အရ အယ်လ်နီညို - လာနီညာ ဖြစ်နိုင်ဘို့ဆိုတာ အယ်လ်နီညို/လာနီညာဖြစ်နိုင်ချေတိုင်းတာရန် သတ်မှတ်ထားသောပင်လယ်ပြင်ဧရိယာအတွင်း ပုံမှန်အပူချိန်အထက် +0.5ºC - ပုံမှန်အပူချိန်အောက် -0.5ºC ရှိနေမှ အယ်လ်နီညို-လာနီညာဆိုတာ ဖြစ်လာရတာပါ။ (ပုံ-၄)
လက်ရှိအချိန်အထိ အဲ့ဒီဧရိယာအတွင်း တိုင်းတာသုတေသနပြုပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်က -0.1ºC သာရှိသေးတာကြောင့် လာနီညာ ဆိုတာဖြစ်မယ်လို့ တပ်အပ်မပြောနိုင်ကြသေးပဲ ရှိနေကြဆဲဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။ (ပုံ-၅)
ပုံ-၁
ပုံ-၂
ပုံ-၃
ပုံ-၄
ပုံ-၅
=====
အယ်လ်နီညို-လာနီညာအကြောင်းအကျဉ်း
🔸 အယ်လ်နီညို-လာနီညာဖြစ်စဉ်တွေဟာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်း၊ အလယ်ပိုင်း အီကွေတာအနီးက ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ ပုံမှန်အထက်မြင့်တက်နေခြင်း၊ ပုံမှန်အောက်ကျဆင်းနေခြင်းဆိုတဲ့ အခြေအနေတွေပေါ်မှာ ဖြစ်လာပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများအပေါ် သက်ရောက်မှုပြင်းထန်စေပါတယ်။
အယ်လ်နီညိုနဲ့ လာနီညာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်၂ ခုက ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တွေအပေါ် သက်ရောက်မှုပြင်းထန်တယ်လို့ ဆိုရာမှာ -
🔸 အယ်လ်နီညိုဖြစ်တဲ့နှစ်တွေအတွင်း -ပူပြင်းခြောက်သွေ့ခြင်းလွန်ကဲပြီး မိုးခေါင်ခြင်းကြောင့် ရေအရင်းအမြစ်များလျော့နည်းဆုံးရှုံးမှုလွန်ကဲတာတွေနဲ့ အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သောအပူလှိုင်းများဖြစ်ပေါ်ဖြတ်သန်းခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။
🔸 လာနီညာဖြစ်တဲ့နှစ်တွေမှာတော့ အယ်လ်နီညိုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အေးမြစိုစွတ်သောအစွန်းရောက်ရာသီဥတုဖြစ်စဉ်ကို တွေ့ရပြီး မိုးများခြင်း၊ ရေကြီးရေလျှံခြင်းနဲ့ အအေးလှိုင်းများ ကျရောက်ခြင်းစတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့ကြရပါတယ်။
🔸 ပင်လယ်ရေမျက်နှာပြင်အပူချိန်များ ပုံမှန်အတိုင်းရှိတဲ့နှစ်မှာတော့ အယ်လ်နီညိုမဟုတ်၊ လာနီညာမဟုတ် ကြားနေပုံမှန်ရာသီဥတု(Neutral)ဖြစ်ပြီး သင့်တင့်မျှတတဲ့ ရာသီဥတုဖြစ်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို ကျနော်တို့ ခံစားကြရပါတယ်။
UPDATE ထုတ်ပြန်ချက်(ဩဂုတ်လ ၂၆ ရက်)
၂၀၂၄ ခုနှစ် အောက်တိုဘာ-နိုဝင်ဘာနဲ့ ဒီဇင်ဘာလများအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်အောက်ကျဆင်းတာဖြစ်လို့ လာနီညာဖြစ်နိုင်ချေရှိကြောင်း သတ်မှတ်စောင့်ကြည့်နေတာလဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မတ်-ဧပြီ-မေလတွေက စ တင်ပြီး ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့အလယ်ပိုင်း၊ အီကွေတာအနီးက ပင်လယ်ရေမျက်နှာပြင်အပူချိန်များ စတင်ကျဆင်းလာတာကြောင့် လာနီညာဖြစ်နိုင်ချေကို စောင့်ကြည့်တဲ့အဆင့်(La Niña Watch)ဟု သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံအခြေစိုက် WPC(Weather Prediction Center)မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်ထုတ်ပြန်ချက်အရ -
🔸 ၂၀၂၄-၂၅ ခုနှစ် ရဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်'လာနီညာ"ဖြစ်နိုင်ချေက နိုဝင်ဘာ-ဒီဇင်ဘာ-၂၀၂၅ ဇန်နဝါရီလတွေအတွင်း အမြင့်ဆုံး(၇၄%)အထိရှိကြောင်း တွေ့ရပါတယ်။
La Niña Watch Continues
🔸 ဩဂုတ် ၂၆ ရက်နေ့မှာ UPDATE ထွက်ရှိလာတဲ့ WPC ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၆၆% နဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ-ဒီဇင်ဘာနဲ့ - ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွေမှာ လာနီညာဖြစ်နိုင်ချေ ၇၄% ရှိကြောင်း၊
🔸 လာနီညာဖြစ်နိုင်ချေကို ဆက်လက်စောင့်ကြည့်တဲ့အဆင့် - La Niña Watch မှာသာ ဆက်လက်ရှိနေမှာဖြစ်ကြောင်းစသည်ဖြင့် ထုတ်ပြန်ထားတာကြောင့် ၂၀၂၄ ခုနှစ်အကုန်ပိုင်းမှာ La Niña ရာသီဥတုဖြစ်နိုင်ချေက ၂၀၂၄ ခုနှစ် နှစ်အစပိုင်း ခန့်မှန်းချက်ထက် အနည်းငယ်လျော့ကျလာကြောင်း တွေ့ရပါတယ်။
(ဩဂုတ်လ ၂၉ ရက် ညနေ ၃ နာရီ)
လက်ရှိအချိန်မှာ လာနီညာဖြစ်နိုင်ချေကို စောင့်ကြည့်နေတဲ့ကာလဖြစ်ပြီး အောက်တိုဘာလက စ လို့ လာနီညာဖြစ်နိုင်ချေကမြင့်တက်လာမှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ post တွေမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။
ECMWF ENSEMBLE model ရဲ့ Meteoblue APP မှ ဇွန်လအပါအဝင် နိုဝင်ဘာလအထိ မိုးရွာသွန်းနိုင်မဲ့ အခြေအနေများကို ဆက်လက်လေ့လာတဲ့အခါ ...
====
ဇွန်လ ၂၄ ရက် - ည ၇ နာရီ
====
ECMWF model ရဲ့ METEOBLUE APP ပေါ်မှာအသစ်ထွက်ရှိလာတဲ့ လစဉ်မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်းချက်များအရ -
🗓 ဇွန်လ
💦💦 တနင်္သာရီတိုင်းတောင်ဘက်အစွန်ဒေသများ၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ရွာသွန်းမြဲအောက် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာအထိ မိုးလျော့နည်းရွာသွန်းခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာတော့ ရွာသွန်းမြဲအထက် ၅ မီလီမီတာမှ ၁၅၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းခဲ့တာတွေ့ရပါတယ်။
🗓 ဇူလိုင်လ
💦💦 ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်ပြည်နယ်ဒေသအချို့မှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲခန့် မိုးရွာသွန်းပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲအထက် ၅ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်မယ်လို့ ခန့်မှန်းပါတယ်။
🗓 ဩဂုတ်လ
💦💦 စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသအချို့၊ ရှမ်းပြည်နယ်ဒေသအချို့၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဒေသအချို့မှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲခန့်၊ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉရွာသွန်းမြဲအောက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးလျော့နည်းရွာသွန်းနိုင်မှာဖြစ်ကြောင်းခန့်မှန်းပြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသအချို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသအချို့၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်ဒေသအချို့နဲ့ မွန်ပြည်နယ်ဒေသအချို့မှာ နှစ်စဉ်ရွာသွန်းမြဲအထက် ၁၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းပါတယ်။
🗓 စက်တင်ဘာလ
💦💦 ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတောင်ပိုင်းဒေသတွေမှာ စက်တင်ဘာလရဲ့ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်နဲ့ ရွာသွန်းမြဲအောက် အနည်းငယ်(၁၀ မီလီမီတာခန့်)လျော့နည်းရွာသွန်းနိုင်ပြီး၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲအထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းပါတယ်။
🗓 အောက်တိုဘာလ
💦💦 ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တို့ရဲ့ ဒေသအချို့မှာ နှစ်စဉ်ရွာသွန်းမြဲခန့်မိုးရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ နှစ်စဉ်ရွာသွန်းမြဲထက် ၁၀ မီလီမီတာမှ ၄၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းပါတယ်။
🗓 နိုဝင်ဘာလ
💦 ကချင်ပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ ရွာသွန်းမြဲအထက်အနည်းငယ်(၁၀ မီလီမီတာခန့်)မိုးပိုမိုရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ နှစ်စဉ်ရွာသွန်းမြဲခန့်မိုးရွာသွန်းနိုင်မှာဖြစ်ပါကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါတယ်။
ရေပြင်ညီမျဉ်းအောက် မီတာ ၃၀၀ အထိတိုင်းတာရရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့အရှေ့ပိုင်းရှိ သမုဒ္ဒရာရေပြင်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စ ပြီး 0°C ရောက်လုနီးပါးလျော့ကျလာခဲ့ကာ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ လကုန်ပိုင်းမှ ဧပြီလလယ်အထိအချိန်ကာလအတွင်း သိသိသာသာလျော့ကျခဲ့ပါတယ်။
ဒီအခြေအနေနဲ့ဆက်စပ်ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်စောင့်ကြည့်လေ့လာတဲ့ ကြိုတင်ခန့်မှန်း model တွေက - ၂၀၂၄ ခုနှစ်ရဲ့ မိုးနှောင်းရာသီနဲ့ဆောင်းရာသီအတွင်း (ခန့်မှန်း ၂၀၂၄-အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၅ ခုနှစ်ဇန်နဝါရီလအတွင်း)မှာ အေးမြစိုစွတ်ခြင်း အစွန်းရောက်ရာသီဥတုဖြစ်စဉ်(လာနီညာ)ဖြစ်လာနိုင်ချေဟာ ၈၅% အထိတိုးမြင့်လာကြောင်း ခန့်မှန်းထားပါတယ်။
https://www.cpc.ncep.noaa.gov/products/analysis_monitoring/enso_advisory/ensodisc.shtml
၂၀၂၃ ခုနှစ် အယ်လ်နီညိုရဲ့နောက်ကလိုက်လာပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာဖြစ်လာနိုင်မဲ့ "လာနီညာ"က - ၂၀၁၅ခုနှစ် အယ်လ်နီညိုဖြစ်စဉ်အပြီး လိုက်လာတဲ့ ၂၀၁၅-၁၆-၁၇ လာနီညာဖြစ်စဉ်နဲ့ ဆင်တူနေတာလဲ တွေ့ရပါတယ်။
၂၀၁၅ ခုနှစ်ထဲမှာ အယ်လ်နီညိုဆိုတာဖြစ်ကြောင်းသိရတော့ ပူတော့မယ်၊ အပူလှိုင်းတွေဖြတ်မယ်၊ မိုးတွေခေါင်တော့မယ်၊ ရေတွေရှားတော့မယ်လို့ ခန့်မှန်းခဲ့ပြီး နှစ်အစပိုင်းမှာ အပူလွန်ကဲတာတွေဖြစ်ခဲ့ပါတယ်။ မြစ်ကြီးနားဒေသလို အေးတတ်တဲ့ဒေသတောင်မှ မတ်လမှ ဇွန်လအထိ အပူချိန် ၃၅ °C မှ ၃၈ °C အထိ မြင့်တက်ခဲ့ပြီး ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ မိုးသည်းထန်ခဲ့တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် အယ်လ်နီညို ဖြစ်ချိန်အတွင်းမှာလဲ အပူချိန်များမြင့်တက်ခဲ့ကာ ကမ္ဘာ့အမြင့်ဆုံး ၁၅ နိုင်ငံ စာရင်းထဲပါဝင်ရတဲ့အထိတောင် အပူချိန်များ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
၂၀၁၅ ခုနှစ် - အယ်လ်နီညိုကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့ တစ်ကြိမ်က ဆိုင်ကလုန်းမုန်တိုင်း KOMEN (03B - အမည်ရ ဆိုင်ကလုန်းမုန်တိုင်း) ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဩဂုတ်လ ၂ ရက်နေ့မှာ ဝင်ရောက်သွားပါတယ်။ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတစ်လုံးမှ ဝင်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဆိုင်ကလုန်း KOMEN ရဲ့ သက်ရောက်မှုက မုန်တိုင်းလမ်းကြောင်း ညာဘက်ခြမ်းက မြန်မာနိုင်ငံမှာ မိုးသည်းထန်ခဲ့ပြီး ဧရာဝတီမြစ်တစ်လျှောက် ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ ၂၀၁၅ ရေကြီးခြင်းဖြစ်စဉ်မှာ ၄၆ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြရကြောင်း၊ အိမ်ခြေ ၁၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မှတ်သားခဲ့ရပါတယ်။
https://www.facebook.com/uwinnaing/posts/pfbid046hh4YFGh71uxfPcD7wSwVam8ugBmgbbVsKMqY287QygU99LUfW1AfGchiH71pFbl
၂၀၂၄ ခုနှစ် အယ်လ်နီညိုကာလအတွင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်း REMAL ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နိုင်ငံနယ်စပ်အနီးမှ မေလ ၂၇ ရက်နေ့မှာ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒါက ၂၀၂၄ ခုနှစ်၊ နှစ်အစ မိုးဦးကာလအတွင်းမှာဖြစ်ပြီး မိုးလယ်၊ မိုးနှောင်းနဲ့ မိုးလွန်ကာလတွေမှာ မုန်တိုင်းတွေ ဘယ်လိုဖြစ်လာမယ် ဆိုတာ အထူးသတိထားပြီးစောင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ .. ၂၀၂၄ မိုးရာသီတလျှောက်လုံး မြင့်တက်လာမဲ့ မြစ်ရေအခြေအနေက ၂၀၂၄ ခုနှစ်အဆုံး လာနီညာဖြစ်ချိန်၊ မိုးများလာချိန်မှာ ၂၀၁၅ ခုနှစ်ရေကြီးခြင်းဖြစ်စဉ်မျိုး ၂၀၂၄ ခုနှစ်၊ မိုးနှောင်းရာသီအတွင်းဖြစ်လာနိုင်တာကြောင့်ပါ။
ကမ္ဘာကြီးပူနွေးလာခြင်းမှဆက်စပ်ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ရာသီဥတုပြောင်းလဲခြင်းများကို မျက်ခြေမပြတ်လေ့လာသုံးသပ်ရင်း သဘာဝဘေးမျိုးစုံရဲ့အန္တရာယ်က ကျော်လွှားလွတ်မြောက်နိုင်အောင် ကြိုတင်ပြင်ဆင်နိုင်ဖို့ အဓိကကျတဲ့အခြေအနေတွေကို MMWeather Knowledge မှ ဆက်လက်လေ့လာတင်ပြပေးနေမှာဖြစ်ပါတယ်။
=====
ECMWF Ensemble model forecast အရ -
ဇွန်လအတွင်းမှာ -
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း ဒေသတွေမှာ ရွာသွန်းမြဲနဲ့ ရွာသွန်းမြဲအောက်သာ မိုးရွာနိုင်ပြီး၊
ကျန်ပြည်နယ်တိုင်းတွေမှာ ရွာသွန်းမြဲအထက် ၁၀၀ မီလီမီတာမှ ၁၅၀ မီလီမီတာ(၄လက်မ မှ ၆ လက်မ ခန့်အထိ)မိုးပိုမိုရွာသွန်းနိုင်ကြောင်း တွေ့ရပါတယ်။
အယ်နီညိုနှစ် တနှစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ ဆောင်းရာသီရဲ့ နှစ်သစ်ကူးရာသီလ ဒီဇင်ဘာလမှာ နှစ်စဉ်ဖြစ်မြဲထက် ၂.၅°C မှ ၃°Cအထိ ပိုပူမယ်လို့ ခန့်မှန်းခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာလဲ ပုံမှန်ထက်ပိုပြီးပူနေမယ်လို့ခန့်မှန်းခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် -၂၀၂၄ ခုနှစ် ဧပြီလမှာ အယ်လ်နီညိုပြီးသွားခဲ့ပြီး မေလ အထိ အပူချိန်တွေမြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံး ၁၅ မြို့ရဲ့ စာရင်းတွေမှာပါတဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာ-အောက်တိုဘာလတွေမှာ လာနီညာဖြစ်လာနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်ကရှိနေကြောင်း ပြီးခဲ့တဲ့ post တွေမှာ တင်ပြပေးခဲ့ပြီးပါပြီ။ လာနီညာဆိုတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်က အယ်လ်နီညိုဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် လာနီညာသာဖြစ်လာရင် အေးမြစိုစွတ်နေမဲ့ ရာသီဥတုဖြစ်လာနိုင်မှာကြောင့် ၂၀၂၄ ဆောင်းရာသီအတွက် ဖြစ်နိုင်တဲ့ အပူချိန် ကြိုတင်ခန့်မှန်းချက်တွေ ကြည့်ရပါတယ်။
၂၀၂၄-၂၅ ဆောင်းရာသီအတွက် Seasonal forecast မှာတော့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဆောင်းရာသီက အပူချိန်တွေထက် သိသိသာသာလျော့ကျပြီး အအေးပိုနိုင်မှာဖြစ်ကြောင်း အကြိုခန့်မှန်းတင်ပြလိုက်ပါတယ်။
(Meteoblue App - ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်)
========
မိုးဦး၊ မိုးလယ်၊ မိုးနှောင်း၊ မိုးလွန် စတဲ့ မြန်မာနိုင်ငံရဲ့ မိုးရာသီကာလများအတွင်းမှာ မိုးရွာသွန်းနိုင်ချေအနည်းအများက ပြည်နယ်တိုင်းများအလိုက် ကွာခြားမှုရှိပါတယ်။ တိုင်းဒေသကြီးတခုထဲအတွင်းမှာတင် ရွာသွန်းမြဲထက်ပိုတာ၊ ရွာသွန်းမြဲအောက်လျော့တာတွေ မြေပုံမှာ တွေ့ရပါမယ်။
METEOBLUE APP ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ ရရှိတဲ့ ရာသီဥတုအကြိုခန့်မှန်းချက်မှာ -
🟢 ရွာသွန်းမြဲထက်ပိုနိုင်တဲ့ ဒေသတွေကို အစိမ်းရောင်(အဖျော့/အရင့်)၊
⚪️ ရွာသွန်းမြဲအတိုင်းရွာနိုင်မဲ့ဒေသတွေကို အဖြူရောင်နဲ့
🟤 ရွာသွန်းမြဲအောက် လျော့နည်းနိုင်မဲ့ ဒေသတွေကို အညိုရောင်(အဖျော့/အရင့်)ခွဲခြားပြီး ပြထားတာကြောင့် - ပြည်နယ်တိုင်းအလိုက် ဇွန်လ မှ အောက်တိုဘာလအထိ မိုးရွာသွန်းနိုင်မဲ့အခြေအနေများကို တွက်ဆခန့်မှန်းနိုင်မှာဖြစ်ပါတယ်။
မိုးရာသီကာလအညွှန်း
🔸 မိုးဦးရာသီ - မေလ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ
🔸 မိုးလယ်ရာသီ - ဇူလိုင်လ ၁ ရက်မှ - ဩဂုတ်လ ၃၁ ရက်အထိ
🔸 မိုးနှောင်းရာသီ - စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ
🔸 မိုးလွန်ရာသီ - အောက်တိုဘာလ ၁၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ
🌐 ပြည်နယ်/တိုင်းနယ်နိမိတ်မျဉ်းများကိုလဲ မြေပုံမှာထင်ထင်ရှားရှားတွေ့မြင်နိုင်တာကြောင့် ဘယ်ပြည်နယ်တိုင်းမှာတော့ ရွာသွန်းမြဲထက်ပိုနိုင်မယ်၊ ရွာသွန်းမြဲအောက်လျော့နည်းနိုင်မယ်ဆိုတာ ကိုယ်တိုင်ခန့်မှန်းကြည့်ရှုနိုင်ပါမယ်။
==========
🛑 ၂၀၂၃-၂၀၂၄ အယ်လ်နီညိုက မတ်-ဧပြီ-မေလထဲအထိ သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း SST အပူချိန် ၀.၇ ရှိနေကြောင်းပြတဲ့ ၂၀၂၄ ခုနှစ် မှတ်တမ်းဇယားမှာ တွေ့နေရပါတယ်။
🛑 ၂၀၁၅-၂၀၁၆၊ ၂၀၁၈-၂၀၁၉ နဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် တွေမှာ အယ်လ်နီညို/လာနီညာဖြစ်စဉ် frequency တွေ အလွန်နီးကပ်လာတာ(စိပ်လာတာ)လဲ တွေ့ကြရအောင် အနီရောင်အကွက်များနဲ့ ပြပေးထားပါတယ်။
🛑 ၂၀၂၄ အယ်လ်နီညိုနှစ်ရဲ့ အခြေအနေက၂၀၁၅-၁၆ နှစ်နဲ့ ၂၀၁၈-၁၉ နှစ်တွေနဲ့ သဏ္ဍန်တူနေတာကိုလဲ တွေ့ရတာကြောင့် အဲ့ဒီနှစ်တွေက မိုးလယ်၊ မိုးနှောင်း၊ မိုးလွန်ကာလတွေမှာ တွေ့ကြုံရတတ်တဲ့ မိုးလေဝသအခြေအနေများနဲ့ အလားတူ သို့မဟုတ် အလားတူအခြေအနေနီးပါးဖြစ်လာနိုင်ပါတယ်။
၂၀၂၄-၂၅ လာနီညာဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်တွေမှာလဲ -
🔵 ၂၀၂၄ - ဩဂုတ်/စက်တင်ဘာ/အောက်တိုဘာလများက စတင်ပြီး လာနီညာဖြစ်နိုင်ချေ ၇၈%
🔵 ၂၀၂၄ - စက်တင်ဘာ/အောက်တိုဘာ/နိုဝင်ဘာလများမှာ လာနီညာဖြစ်နိုင်ချေ ၈၃%
🔵 ၂၀၂၄ - အောက်တိုဘာ/နိုဝင်ဘာလ/ဒီဇင်ဘာလများမှာ လာနီညာဖြစ်နိုင်ချေ ၈၅%
🔵 ၂၀၂၄ - နိုဝင်ဘာ/ဒီဇင်ဘာ နဲ့ ၂၀၂၅ ဇန်နဝါရီလများမှာ လာနီညာဖြစ်နိုင်ချေ ၈၈% အထိရှိလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။
💧💦🌪️ အခုတွေ့ရတဲ့ ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များကြောင့် မိုးနှောင်းကာလ၊ မိုးလွန်ကာလများမှာဖြစ်လာတတ်တဲ့ ရေကြီးရေလျှံဖြစ်နိုင်ချေတွေ၊ မိုးနှောင်းကာလမုန်တိုင်းများ ဖြစ်လာနိုင်တာတွေကိုမေ့မေ့လျော့လျော့နဲ့ သတိလက်လွတ်ပေါ့ဆနေလို့တော့ မဖြစ်ပါ။
အထူးသဖြင့်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများနဲ့ အသက်မွေးကြတဲ့ တောင်သူများပိုပြီး သတိထားကြစေချင်ပါတယ်။
ပြည်နယ်တိုင်းမြို့ကြီးတွေရဲ့ မိုးလေဝသအခြေအနေကို ကျနော့် site ပေါ်မှာ တင်ထားပေးတာကြောင့် နေ့စဉ်ဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေတွေကိုကြည့်ရင်း၊ ရာသီဥတုပြောင်းလဲမှု အခြေအနေများကိုလဲ ကျနော်တို့အားလုံးစောင့်ကြည့်ကြရပါမယ်။ link
မေလ ၁၀ ရက် - ညနေ ၅ နာရီ ၁၅ မိနစ်
========
အယ်လ်နီညိုဖြစ်စဉ်ရဲ့သက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့ခြင်းဒဏ်ကို ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလဲပါဝင်ခဲ့တာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကမ္ဘာ့အပူဆုံး ၁၅ နိုင်ငံစာရင်းမှာ ထိပ်ဆုံးကပါခဲ့တဲ့ ဖြစ်စဉ်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
လာနီညာဖြစ်စဉ်ကတော့ အယ်လ်နီညိုရဲ့ ဆန့်ကျင်ဘက် အေးမြစိုစွတ်တဲ့ ရာသီဥတုဖြစ်စဉ်သက်ရောက်မှာဖြစ်တာကြောင့် ၂၀၂၄ ခုနှစ် မိုးနှောင်းရာသီနဲ့ မိုးလွန်ရာသီများအတွင်း မိုးများပြီး ရေကြီးရေလျှံဖြစ်နိုင်မဲ့သဘာဝဘေးအန္တရာယ်တွေနဲ့ လာမဲ့ဆောင်းရသီမှာ အအေးပိုလာနိုင်မဲ့ အခြေအနေများကို ကြုံတွေ့ရဘွယ်ရှိပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း လာနီညာ အစွန်းရောက်ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နိုင်ချေ ၄၉% နှင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၆၉% ရှိလာကြောင်း EL NIÑO/SOUTHERN OSCILLATION (ENSO)DIAGNOSTIC DISCUSSION မှာ ဖေါ်ပြထားပါတယ်။
https://tinyurl.com/22opxwfm
ကျွမ်းကျင်ပညာရှင်များရဲ့ နောက်တကြိမ်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေမှာ ကျင်းပမယ်လို့လဲ သိရပါတယ်။ အယ်လ်နီညိုနှင့် လာနီညာဖြစ်စဉ်များကို စောင့်ကြည့်တဲ့ ပညာရှင်များရဲ့ ဘလော့စာမျက်နှာကို ဒီမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
https://www.climate.gov/news-features/blogs/enso
ဧပြီလ ၁၆ ရက်နေ့မှာ ထွက်လာတဲ့ ဩစတေးလျှမိုးလေဝသဌာနထုတ်ပြန်ချက်မှာ အယ်လ်နီညိုဖြစ်စဉ်ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ENSO Neutral အဖြစ်ဆက်လက်တည်ရှိမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ယခင်ခန့်မှန်းချက်များအတိုင်းဆိုရင် လာနီညာက ဇူလိုင်လမှာ အားအသင့်အတင့်ဖြစ်လာနိုင်ကြောင်းသုံးသပ်ခန့်မှန်းခဲ့ကြပါတယ်။ လာနီညာဖြစ်လာနိုင်ချေနဲ့ အင်အားကို တိတိကျကျခန့်မှန်းထုတ်ပြဖို့အတွက် လက်ရှိဖြစ်လာတဲ့ ENSO Neutral သည် - ဇူလိုင်လနောက်ပိုင်းဘယ်လိုဖြစ်နိုင်မယ်ဆိုတဲ့အခြေအနေကိုစောင့်ကြည့်ပြီး ခန့်မှန်းရမှာဖြစ်ကြောင်း ဖေါ်ပြထားတာတွေ့ရပါတယ်။
QUOTE ...
1. El Niño has ended and the El Niño–Southern Oscillation (ENSO) has returned to neutral. Climate models indicate ENSO will likely continue to be neutral until at least July 2024.
2. While three out of seven international models are predicting central Pacific SSTs to reach La Niña thresholds in July, El Niño and La Niña predictions made in mid-autumn tend to have lower accuracy than predictions made at other times of the year. This means that current forecasts of the ENSO state beyond July should be used with caution.
END QUOTE.
REFERENCE: http://www.bom.gov.au/
အိုင်အိုဒီ(IOD)လို့ခေါ်တဲ့ Indian Ocean Dipole ကတော့ ဧပြီလ ၁၄ ရက်နေ့မှာ +0.57 °C ရှိနေတာကြောင့် စံသတ်မှတ်ထားတဲ့ +0.5 °C ထက် +0.07 °C ကျော်လွန်နေပြီဖြစ်ကြောင်း၊ မေလက စ ပြီး စက်တင်ဘာလအထိ အိန္ဒိယသမုဒ္ဒရာမှာ IOD positive ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း တွေ့ရပါတယ်။
INDIAN OCEAN DIPOLE positive နဲ့ negative ဟာ ကမ္ဘာ့မိုးလေဝသဖြစ်စဉ်များအပေါ် ဘယ်လိုသက်ရောက်မှုရှိကြောင်းရှင်းပြထားတာကို ဒီ LINK မှာ ဖတ်ရှုနိုင်ပါတယ် - https://www.mmweather.org/global-warming#h.3fdij8rd0cfz
QUOTE ..
"Although the most recent value of the Indian Ocean Dipole (IOD) index (+0.57 °C) is above the positive IOD threshold, the IOD is neutral. Despite the positive IOD values being mostly from record warmth in the north-west Indian Ocean, atmospheric indicators in the eastern Indian Ocean may be consistent with a developing positive IOD."
END QUOTE
REFERENCE: http://www.bom.gov.au/
၂၀၂၄-ဧပြီလ ၁၂ ရက် ၁၅:၄၅ နာရီ
အယ်လ်နီညိုဆက်လက်ဖြစ်ပေါ်နေဆဲ ၂၀၂၄ ခုနှစ်ရဲ့ မိုးရာသီကာလ မိုးရွာသွန်ုးနိုင်မဲ့အခြေအနေအတွက် Seasonal Forecast မှာတွေ့ရတဲ့ ကြိုတင်ခန့်မှန်းချက်များဖြစ်ပါတယ် -
💨🌧️ မေလအကုန် ဇွန်လအတွင်းမှာ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ချေရှိကြောင်း၊ မုတ်သုံဝင်ရောက်ချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ မိုးပိုနိုင်ပြီး တောင်ပိုင်းဒေသတွေမှာတော့ မိုးနည်းနိုင်မဲ့ အခြေအနေများရှိနိုင်ကြောင်း၊
🌧️ လအလိုက်ကြိုတင်ခန့်မှန်းချက်တွင် - ဧပြီလမှ ဩဂုတ်လအထိ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းတို့အောက်ဘက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအောက် ၁၀ မီလီမီတာ မှ ၄၀ မီလီမီတာအထိ လျော့နည်းနိုင်ကြောင်း၊
🌧️ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်နဲ့ ပဲခူးတိုင်းမြောက်ဘက်ခြမ်းတွေမှာ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအထက် ၅ မီလီမီတာမှ ၂၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ဘွယ်ရှိကြောင်း
🌦️ အချုပ်အားဖြင့် မိုးဦးကာလ ဇွန်လ ဇူလိုင်လများတွင် မြန်မာပြည်မြောက်ပိုင်းဒေသများတွင် မိုးပုံမှန်အထက်ရွာသွန်း(မိုးကောင်းနိုင်)ပြီး၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပုံမှန်အောက်(မိုးနည်းနေနိုင်)ကြောင်း၊
🌧️🌧️ ၂၀၂၄ ခုနှစ် ဩဂုတ်/စက်တင်ဘာလများတွင် ဖြစ်လာမည့် လာနီညာအခြေအနေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းအပါအဝင်တနိုင်ငံလုံးတွင် ဩဂုတ်လနောက်ပိုင်းမှသာ မိုးကောင်းလာနိုင်ကြောင်း စသည်ဖြင့် ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါတယ်။
၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည်နှင့်အညီ ပူပြင်းခြောက်သွေ့ခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရနိုင်မည်ဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံး အခြေအနေဖြစ်ပေါ်ခဲ့ကြောင်းတင်ပြပေးခဲ့ပြီးနောက် ဧပြီလ ၈ ရက်နေ့တွင် NOAA မှ အယ်လ်နီညို/လာနီညာအခြေအနေ update ထွက်လာပါသည်။
ဧပြီလ ၈ ရက်နေ့ထွက်သည့် update အရ -
📌 အယ်လ်နီညိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အားလျော့သွားသော်လည်း ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။
ဧပြီလမှ ဇွန်လအတွင်း အယ်လ်နီညို-လာနီညာ ကြားကာလ(Neutral)ကိုရောက်နိုင်ချေ ၈၃% ရှိပြီး ဇွန်လနဲ့ ဩဂုတ်လအတွင်း လာနီညာဖြစ်နိုင်ချေ ၆၂% ရှိကြောင်း ပါရှိပါသည်။
📌 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ-ဖေဖေါ်ဝါရီနဲ့ မတ်လများအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်တွက်ချက်ထုတ်ပြန်မှုများတွင် အယ်လ်နီညိုဖြစ်စေသည့် ပင်လယ်ရေမျက်နှာပြင်အပူချိန် ၁.၈ မှ ၁.၅ အထိ လျော့ကျလာတာတွေ့ရပြီး၊ အယ်လ်နီညိုဖြစ်ပေါ်နေသည့် အားအခြေအနေ သိသိသာသာလျော့ကျနေခြင်း မဟုတ်သေးပါ။ Niño Region SST က ဧရိယာ Niño 3.4 မှာလဲ အပူချိန်အခြေအနေက မြင့်နေဆဲဖြစ်ပါသည်။
📌 လာနီညာဖြစ်ပေါ်နိုင်ချေ ရက်ဝေးကြိုတင်ခန့်မှန်းချက်များအရ နောက်ဆုံးထုတ်ပြန်ခဲ့သည့် 14MARCH UPDATE ပြောင်းလဲမှုမရှိ၊ စက်တင်ဘာလမှစတင်ပြီး လာနီညာဖြစ်နိုင်ချေ ၈၅% အထိရှိနေကြောင်း တွေ့ရပါသည်။
📌 မြန်မာနိုင်ငံ၏ မိုးဦးကာလတွင် ဧပြီလသည် အပူရှိန်အပြင်းဆုံးသောလ ဖြစ်လာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ဒေသအချို့ ၌ အပူချိန် ၄၀°C အထက် မှ ၄၅°C အထက်အထိရောက်နိုင်ကြောင်း၊ မိုးဦးကာလအတွင်း အများအားဖြင့်မေလမှ စတင်၍ စက်တင်ဘာလအထိ မိုးများလာနိုင်ကြောင်း၊ မိုးလယ်နှင့်မိုးနှောင်းကာလအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေက မိုးဦးကာလထက် ပိုမိုကောင်းနိုင်မှာဖြစ်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ မိုးရွာနိုင်မည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါသည်။